နာဂစ် ပန်းပုပွဲ ရန်ကုန်တွင် ပြုလုပ်

Thursday, April 09, 2009 ·

အောင်သက်ဝိုင်း | စစ်အစိုးရက နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် သစ်ပင်ကြီးများမှ ထုလုပ် ထားသော ပန်းပုရုပ်တု ရာပေါင်းများစွာကို ရန်ကုန်မြို့ ဆရာစံ ပလာဇာတွင် ပြပွဲကျင်းပ၍ အမေရိကန် ဒေါ်လာ သောင်း ဂဏန်းချီသည့် သတ်မှတ်ဈေးများဖြင့် ရောင်းချနေကြောင်း ဦးဆောင်ကျင်းပသည့် ကောင်းမြန်မာ ကုမ္ပဏီမှ သတင်းရရှိသည်။


နာဂစ်အလွန် ပန်းပုပြပွဲ ဖွင့်ပွဲနေ့ မတိုင်မီ ဧပြီ ၂ ရက်နေ့က မြန်မာပန်းပုဆရာ တဦး ပန်းပုရုပ်တု တရုပ်ကို အချောသပ်နေစဉ် (ဓာတ်ပုံ - အေပီ)
ဧပြီလ ၃ ရက်နေ့က စတင်ဖွင့်လှစ် ပြသခဲ့သည့် အဆိုပါ ပြပွဲမှ မြန်မာ့ရိုးရာ အနုပညာမြောက် ပန်းပုရုပ်တုများကို နေ့စဉ်လာရောက် ကြည့်ရှုသူ ရာဂဏန်းနီးပါး ရှိကြောင်း၊ ၀ယ်ယူရန် ကမ်းလှမ်းသည့် နိုင်ငံခြားသားများနှင့် ဟိုတယ် အများအပြား ရှိကြောင်း ကောင်းမြန်မာ ကုမ္ပဏီ ၀န်ထမ်း တဦးက ပြောသည်။

“အခုပြပွဲကာလမှာ ပန်းပုရုပ်တွေကို ရောင်းမှာတော့ မဟုတ်ဘူး၊ ပြပွဲပြီးတဲ့နောက်ပိုင်းမှာမှ ဒီပန်းပုရုပ်တွေကို ရောင်းမှာ၊ ဒါပေမယ့် တချို့အရုပ်တွေက ကြိုတင် ရောင်းထား ပြီးသားတွေလည်း ရှိတယ်၊ ပန်းပုရုပ်တွေ အားလုံး ကို တရားဝင်ဈေးမသတ်မှတ်ရသေးပေမယ့် လက်ရာမြောက်တဲ့ပန်းပုရုပ်တုကြီးတရုပ်ကို အနည်းဆုံး ဒေါ်လာ သုံးသောင်း ကျော်ကနေ အများဆုံးဒေါ်လာခြောက်သောင်းကျော် ဈေး ရှိမယ်လို့ ခန့်မှန်းခြေပြောလို့ရပါတယ်”ဟု ကောင်းမြန်မာကုမ္ပဏီ ၀န်ထမ်းက ရှင်းပြသည်။

ယင်း နာဂစ်အလွန်ပန်းပုရုပ်တုများမှာ နိုင်ငံခြားသားနှင့် ငွေကြေးချမ်းသာသော လူတန်းစားများကိုသာ ရည်ရွယ် ရောင်းချ လိုဟန် ရှိသည်ဟု ပြပွဲသို့ သွားရောက်ခဲ့သည့် သတင်းသမားတဦးက သုံးသပ်သည်။

“ပန်းပုရုပ်တုတွေက အများပြည်သူတွေအတွက် နာဂစ်အမှတ်တရ၀ယ်နိုင်ဖို့ ရည်ရွယ်တာမဟုတ်ဘူးဆိုတာက ထင်ရှားတယ်”ဟု အဆိုပါရန်ကုန် အခြေစိုက်သတင်းသမားက ဆိုသည်။

ယခု ပန်းပုအရောင်းပွဲတော်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ပြင်ပမှကင်မရာများ ယူဆောင်ရိုက်ကူးခွင့်မပြုဘဲ ဓာတ်ပုံရိုက်သူများကို တွေ့ရှိပါက ရိုက်ကူးထားသည့်ပုံများ ဖျက်ခိုင်း၍ ပြပွဲ အတွင်းမှနှင်ထုတ်သည်ဟု သိရ သည်။

“ဒီပြပွဲက အံ့မခန်းလက်ရာမြောက်တဲ့ပန်းပုရုပ်တွေနဲ့ပြည့်နေမယ်လို့ ထင်မထားပါဘူး၊ ပထမထပ်မှာ ပြထားတဲ့ ပျူစောထီး ရုပ်တုကြီးရယ်၊ လျောင်းတော်မူ ဘုရားပန်းပုရုပ်ကြီးရယ်ကိုမြင်လိုက်တော့ အရမ်းအံ့သြသွားတယ်”ဟု အမျိုးသမီး သတင်းထောက် တဦးက ပြောသည်။

နာဂစ်အလွန်မြန်မာ့အနုပညာနှင့် ပန်းပုအရောင်းပွဲတော်ကို ဆရာစံပလာဇာ ပထမထပ်တွင် မြန်မာ့ ရိုးရာ အနု ပညာ လက်ရာ ပြခန်း၊ ဒုတိယထပ်တွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ လက်ရာရုပ်တုပြခန်း၊ တတိယထပ်တွင် ဥရောပ လက်မှုပညာပုံစံရုပ်တုများ နှင့်မော်ဒန်လက်ရာရုပ်တုပြခန်းဟူ၍ သုံးခန်းခွဲခြားပြသထားသည်။

ပထမထပ် မြန်မာ့ရိုးရာအနုပညာ လက်ရာပြခန်းတွင် ၁၂ ပေခန့် မြင့်မားသည့် ပျူခေတ်သူရဲကောင်း ပျူစောထီး ၏ မြားနှင့် လေး ကိုင်ဆောင် ထားသည့် ပန်းပုရုပ်တု အပါအ၀င် ပျူခေတ်၊ပုဂံ၊အင်းဝ၊ပင်းယ၊တောင်ငူနှင့် ကုန်းဘောင် ခေတ် ဘုရားပန်းပုရုပ်တု၊ မင်္ဂလာစည်တော်ပန်းပု၊ ခြင်္သေ့ပန်းပုရုပ်တုနှင့်နန်းတွင်းမြန်မာအမျိုးသမီး ပန်းပုရုပ်တု၊ ကလေးငယ်ကို နို့ချိုတိုက်ကျွေးနေသော မြန်မာ့မိခင်ပန်းပု အပါအ၀င် အခြားစိတ်ဝင်စားဖွယ်မြန်မာ့ ရိုးရာပန်းပု၊ ဥရောပနှင့် မော်ဒန်ပန်းပုရုပ်တုပေါင်း ၅၀၀ ကျော်ပြသထားပြီး မှန်ပြားတီဗီများဖြင့် နာဂစ်အလွန်ပန်းပု ရုပ်တုများ ထုလုပ်ရန် စစ်အစိုးရက မည်သို့မည်ပုံ ကြိုးပမ်းခဲ့ရသည်ဆိုသော မှတ်တမ်းဗီဒီယိုများ စဉ်ဆက်မပြတ်ထုတ်လွှင့် ပြသနေသည်။

ဒုတိယထပ်တွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ ပန်းပုရုပ်တုများကို အဓိကထားပြသထားရာ တရုတ်ဘုံကျောင်းများ တွင် တွေ့မြင် ရလေ့ ရှိသည့် ဗိုက်ပူအန်းကုန်းရုပ်တုအများဆုံးပါဝင်ပြီး တရုတ်လူမျိုးတို့၏ သင်္ကေတ နဂါးရုပ်တု အများအပြားအပါအ၀င် ပန်းပုလက်ရာ ၁၅၀ နီးပါးပြသထားသည်။

“ဒုတိယထပ်က တရုတ်လူမျိုးဖောက်သည်တွေ အကြိုက်တွေ့မယ့် ပန်းပုမျိုးတွေချည်းပဲ၊ ဒါပေမယ့် ပထမထပ်က ပန်းပု လက်ရာတွေ လောက်တော့ စိတ်ဝင်စားဖို့ မကောင်းဘူး”ဟု ပြပွဲ သွားရောက် ကြည့်ရှုသည့် ရန်ကုန်မြို့ခံ တဦး က ဆိုသည်။

တတိယထပ်တွင် ဥရောပနှင့် မော်ဒန်ပန်းပုလက်ရာများနှင့်အတူ ပန်းပုလက်ရာထိုင်ခုံများနှင့် တည်ခင်းရောင်းချ နေသော စားသောက်ဆိုင် တခုဖွင့်လှစ်ထားပြီး မြန်မာ့ ရိုးရာ တူရိယာများ တီးခတ် ဖျော်ဖြေနေသည့် စင်တင်တေး ဂီတနှင့် ပါတွဲဖက်၍ အစားအသောက် များပါရောင်းချနေသည်။

“ဒီပန်းပုပြပွဲမှာ ပြထားတဲ့ ပန်းပုရုပ်တုတွေကို မြင်တော့ လူတသိန်းကျော်သေခဲ့ရတဲ့ နာဂစ်မုန်တိုင်းက မနေ့ တနေ့ကမှ တိုက်သွားသလို ခံစားရတယ်”ဟု ပန်းပုပြပွဲလာရောက် ကြည့်ရှုသည့် ဒဂုံတက္ကသိုလ်မှ မြန်မာစာ အထူးပြု တက္ကသိုလ်ကျောင်းသူ တဦးက ပြောသည်။

နာဂစ်အလွန်ပန်းပုရုပ်တုများထုလုပ်ရန် မြန်မာနိုင်ငံတ၀န်းလုံးမှပန်းပုပညာရှင်ပေါင်း ၄၀၀ ကျော်ကို စစ်အစိုးရက စုစည်း ခေါ်ယူခဲ့ပြီး ပန်းပုရုပ်ပေါင်း ၇၀၀ကျော်ကို အချိန်ကိုးလကျော်ကြာ ထုလုပ်ခဲ့ကြောင်း၊ ယခုပြပွဲကို မေလ ၇ ရက် နေ့အထိ အခမဲ့ပြသသွားမည် ဖြစ်ကြောင်း ၊ သမ၀ါယမ၀န်ကြီးဌာနနှင့် ဗဟို သမ၀ါယမအသင်း လီမိတက် (ကောင်းမြန်မာကုမ္ပဏီ)တို့က ပူးတွဲကျင်းပခြင်း ဖြစ်ကြောင်း သိရှိရ သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်တွင် တိုက်ခတ်သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် ရန်ကုန် တမြို့လုံးတွင် သစ်ပင်ပေါင်း ၁ သိန်းကျော် ပြိုလဲခဲ့ပြီး ယင်းသစ်ပင်များ၏ သစ်မြစ်၊ သစ်ဆုံများဖြင့် ပန်းပုရုပ်တု များ ထုလုပ် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကျေ ပျောက်ဆုံးခဲ့ကြရပြီး ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မြစ်ဝကျွန်းပေါ် ဒေသသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=932:2009-04-08-09-49-49&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */