RFA | နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ နွေစပါး ရိတ်သိမ်းချိန် ရောက်လာချိန်မှာ ရာသီဥတု ဖောက်ပြန် နေတာကြောင့် လယ်သမားတွေ စိုးရိမ်သောကရောက်နေကြတယ်လို့ သိရပါတယ်။ စပါးရိတ်သိမ်းနေချိန်မှာ မိုးတွေ ဆက်တိုက် ရွာနေတာကြောင့် စပါးတွေ မိုးရေထိမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်၊
လယ်သမားတဦး။ ။ “သင်္ကြန်မိုးလို့လည်း ပြောလို့မရဘူး၊ မိုးကပေါ့နော်၊ လေးငါးရက် ဆက်တိုက် အဲလို ရွာနေတာ ပေါ့နော်၊ အရင်တုန်းကဆို ဒီ သင်္ကြန်မိုးဆိုတာ တခါလောက် ရွာပြီးသွားရင် နေပြန်ပူတာပဲ။ ပူပြီးတော့ အဲလို နေတာပေါ့နော်။ အခုက အဲလိုမဟုတ်ဖူး။ မိုးက အုံ့ဆိုင်းပြီးတော့ ရွာတယ်။ ပြီးတော့ နေမမြင်ရအောင် အဲလို ဖြစ်နေတယ်။ ရိတ်သိမ်းပြီးသား ဒီတလင်းထဲထားတဲ့ လူတွေကတော့ အလျင်အမြန် လုပ်ရတာပေါ့။ ဒီသင်္ကြန်မိုးလို ပက်ဖန်းမိုးကတော့ အပေါ်က တခုခု ကောက်ရိုး ဘာညာနဲ့ ဖိထားလိုက်ရင် ရတယ်။ အခုက မဟုတ်ဖူး၊ ရေတော်တော်ပါအောင် မိုးတွင်းလို ရွာတဲ့အခါ ကျတော့လေ၊ အမိုးအကာအောက် အလျင်အမြန် ရွှေ့ပြောင်းမှုတွေ လုပ်ရတာပေါ့။”
ဒါ့အပြင် စပါးဈေး ၂သိန်းကျော်အထိ တက်လာတာကြောင့် လယ်သမားများ ဝမ်းသာကြရပေမဲ့ စပါးအထွက် ခါတိုင်း နှစ်ကလောက် အထွက်မကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။ ဘိုကလေးမြို့နယ်က လယ်သမားတဦးက ခုလိုပြောပါတယ်။
လယ်သမားတဦး။ ။ “နွေစပါးက ဒီဘက်မှာ ကျွန်တော်တို့က ပုံမှန်ဆိုလို့ရှိရင် တရာဆိုတာ ပုံမှန်ပဲလေ၊ တဧကကို တင်း ၁၀၀နှုန်း ထွက်တယ်၊ ဒီနှစ်ကတော့ အထွက် ပိုလျော့ကြပါတယ်။ လျော့တယ်ဆိုတာ ခုနက ပြောသလိုပေါ့၊ ဓာတ်မြေသြဇာ ဘာညာ ဈေးကလည်း ကြီးတဲ့အခါ ကျတော့လေ၊ အဲဒါတွေကို အပြည့်အဝ အသုံးမချနိုင်တာလည်း ပါတယ်ပေါ့နော်။ ခုနကပြောသလို သဘာဝ ဘေးအန္တရာယ်ထဲက ပိုးကျတာတို့ ဘာတို့ အဲဒါတွေ ပျက်စီးမှုတွေ ဘာတွေပေါ့၊ အဲလိုမျိုး ရှိတယ်ခင်ဗျ။”
နွေစပါးကိုစိုက်ပျိုးရာမှာ ဓာတ်မြေသြဇာနိုင်မှ အထွက်ကောင်းတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ် နွေစပါးစိုက်ပျိုးချိန်မှာ စပါးဈေးကလည်း ကျနေပြီး လယ်သမားတွေအနေနဲ့ မုန်တိုင်းဒဏ်ခံခဲ့ရပြီးတဲ့ နောက်ပိုင်း အခက်အခဲမျိုးစုံကို ရင်ဆိုင် နေရာတာ အပြင် ဓာတ်မြေသြဇာဈေးကလည်း တက်လာတာကြောင့် စိတ်မပါ့တပါနဲ့ နွေစပါးကို စိုက်ပျိုးကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလိုရာသီဥတုဖောက်ပြန်လာချိန်မှာ လယ်သမားတွေအနေနဲ့ မိုးကို အလွန်ကြောက်နေကြတယ်လို့ ဆိုပါတယ်။ အိမ်တွေမှာ မိုးထားတဲ့ ယာယီ တာလပတ်အမိုးတွေဟာလည်း ခုချိန်မှာ စုတ်ပြဲပြီး မိုးမလုံနိုင်တဲ့ အခြေအနေ မျိုးဖြစ်နေတာကြောင့် သောကတွေ ရောက်နေကြတယ်လို့ RFA ကို ပြောပြပါတယ်။
source by : http://www.rfa.org/burmese/news/continuos_rain_causes_farmers_concern-04132009170233.html
0 comments:
Post a Comment