RFA | မြန်မာ စစ်အစိုးရရဲ့ဦးပိုင် လီမိတက်နဲ့ ပေါင်းပြီး စီးပွားရေးသမားတစုက ၂ဝဝ၈ ခုနှစ်ထဲမှာ အဓမ္မ သိမ်းပိုက် ခဲ့တဲ့ အောင်လံမြို့ အရှေ့ဖက်ခြမ်း ဘိုးဘွားပိုင်လယ်ယာမြေတွေကို မူလ လယ်ပိုင်ရှင်တွေက အခုအခါ ပြန်လည်လုပ်ကိုင် စားသောက်ခွင့် ရနေပြီ ဆိုပေမယ့် မြေစာရင်းဦးစီးဌာနက စာရွက်ပေါ် စာရင်း ပေါက်အောင် အသေအချာ လုပ်ဆောင်မပေးသေးတာကြောင့် အောင်လံက လယ်သမားတွေ ရတက်မအေး ဖြစ်နေရတယ်လို့ သိရပါတယ်။
လယ်သမားတဦး ကျွဲတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP) |
ဦးစိုးသန်း။ ။“အောင်လံမြို့နယ် မြေစာရင်းဦးစီးဌာနအနေနဲ့ တောင်သူတွေရဲ့ စိုက်ပျိုးမြေကွင်းကို သတ်သတ် မှတ်မှတ် စည်းစနစ်ကျကျ တိုင်းတာပြီးတော့ ပြန်စိုက်ထူပေးပါဆိုတာကို အစီရင်ခံစာရေးပြီးတော့ ၂၀၀၉ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ကျနော်တို့ တင်ပြတယ်။ ကျနော်တို့ တင်ပြတဲ့ တောင်သူလယ်သမားတွေ ၅၂ ဦးရှိတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း မိတ္တူပေးပို့တယ်။ နောက် လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီးဌာနကိုလည်း မိတ္တူပေးတယ်။ အောင်လံမြို့နယ် မြေစာရင်းဦးစီးဌာန အာဏာပိုင်တွေဟာ ဘုတ်တိုင်တွေကို ပြန်စိုက်ထူဖို့ ဒီကွင်းကို သတ်သတ်မှတ်မှတ် ပြန်လည်တိုင်းတာပေးဖို့ ဒီနေ့အထိ ဘာမှ လုပ်ဆောင်တာ မရှိသေးပါဘူး”
အောင်လံမြို့ပတ်ပတ်လည်မှာရှိတဲ့ ရာချီတဲ့ လယ်မြေဧကတွေကို ရုံးစားရိတ် အမှတ် ၅ သကြားစက် တာဝန်ရှိ သူတွေက ၂ဝဝ၈ ခုနှစ်မှာ ဘူဒိုဇာနဲ့ ဝင်ရောက်ထိုးကော်ပြီး လယ်မြေတွေ ဝင်သိမ်းခဲ့တာကြောင့် အောင်လံ လယ်သမားတွေ လယ်ယာမဲ့ဘဝနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဲဒီဖြစ်ရပ်ကြောင့် အောင်လံလယ်သမားတွေ စုပေါင်းပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ကို တိုင်ကြားခဲ့ပါတယ်။ ILO က နေပြည်တော် တာဝန်ရှိသူတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တာကြောင့် ၂ဝဝ၈ ခုနှစ်အကုန်ပိုင်းမှာ အောင်လံလယ်သမားတွေ မိမိတို့လယ်မြေကို ပြန်လည် လုပ်ကိုင်စားသောက်ခွင့် ရပေမယ့် မြေစာရင်းရုံးမှာ မိမိတို့နာမည်နဲ့ စာရင်း မပေါက်သေးတာကြောင့် အခုလို ရတက်မအေး ဖြစ်နေရတယ်လို့ အောင်လံလယ်သမားတွေက RFA ကို ပြောပါတယ်။
တောင်သူလယ်သမားတွေရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်လို့ လယ်သမားကြီး ဦးစိုးသန်းက အခုလို ရှင်းပြပါတယ်။
ဦးစိုးသန်း။ ။“ဒီ မြေကွက်ဟာ နိုင်ငံတော်မြေတိုင်းအဖွဲ့က ရေးဆွဲထားပြီးတော့ နိုင်ငံတော်မှာ အမည်ပေါက်နေတဲ့ တောင်သူ လယ်သမားတွေရဲ့ တရားဝင် စိုက်ပျိုးမြေကွင်းဆိုတာ ဥပဒေနဲ့အညီ တည်ရှိနေပြီးသားဖြစ်တယ်။ ဒီလို ကျနော်တို့ တောင်သူ လယ်သမားတွေ လယ်တွေယာတွေ ရှိနေပါလျှက်နဲ့ စိုက်ပျိုးမြေကွင်းမှန်းသိပါလျှက်နဲ့ ရုံးစားရိတ်အမှတ် ၅ သကြားစက်က ဗိုလ်မှူး ရဲနိုင် ကနေပြီးတော့ မြေလွတ်မြေရိုင်းပါဆိုပြီး မြေစာရင်းနဲ့ ပေါင်းပြီးတော့၊ အောင်လံမြို့နယ်အာဏာပိုင်တွေက ဥပဒေနဲ့အညီ ဘယ်သူကမှ ဖြေရှင်း မပေးဘူး။ တရား ဥပဒေ အရ တောင်သူလယ်သမားတွေဘက်က အကာအကွယ်တွေ ရှိနေပါလျက်နဲ့ ဥပဒေက စာအုပ်ထဲမှာပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့ နောင်ကို အဲဒီလို မခံစားရအောင် ကျနော်တို့တောင်သူလယ်သမားတွေက အဲဒီ ဘုတ်တိုင် တွေကို ပြန်စိုက်ထူ ပေးပါ၊ သွပ်လုံးတွေ ပြန်စိုက်ပေးပါလို့၊ ဒီဘုတ်တိုင်တွေ သွပ်လုံးတွေ ရှိမှသာ တောင်သူလယ်သမားတွေ နောင်ဒီလို အဖြစ်ဆိုးမျိုး မကြုံတွေ့ရမှာ ဖြစ်တယ်”
မြန်မာနိုင်ငံမှာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေမျိုးသားချင်းတွေပိုင်တဲ့ ကုမ္ပဏီတွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမား တွေက တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေကို အဓမ္မ သိမ်းပိုက်မှုတွေ မကြာခဏ ပေါ်ပေါက် နေပါတယ်။
source by : အာအက်ဖ်အေ








0 comments:
Post a Comment