မင်းနိုင်သူ | ပြည်ပ၀ယ်လက်မရှိခြင်းကြောင့် ပြည်တွင်းပဲဈေးကွက် အေးနေပြီး နအဖအစိုးရက နယ်ကုန်စည်ဒိုင် များတွင် ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများ ဆက်လက်ဖွဲ့ခိုင်းနေကြောင်း အညာဒေသခံပွဲစားများက ပြောသည်။
လွန်ခဲ့သောနှစ် သြဂုတ်လအတွင်းက ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲကုန်သည်အချို့ ထွက်ပြေးတိမ်းရှောင်မှု ရှိခဲ့ပြီးနောက် ပဲဝယ်ယူတင်ပို့ရာတွင် ကုမ္ပဏီဖွဲ့လုပ်ကိုင်ရန် UMFCCI မှတဆင့် အစိုးရက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
“အခုထိမပြီးပြတ်သေးပါဘူးဗျာ။ စိတ်ဝင်စားတဲ့သူ အတော်နည်းပါတယ်။ မလွှဲသာမရှောင်သာတဲ့ လူတွေ လောက်ပဲ စုဖွဲ့ကြရမှာပါ။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို အဓိကထား ဖွဲ့ခိုင်းထားတာပါ။ ကုမ္ပဏီတခုမှာ အဖွဲ့ဝင် (၅၀) ပါရှိရမယ်လို့ လူကြီးတွေက ပြောနေပေမယ့် ထည့်ဝင်လိုတဲ့ ပွဲစားကုန်သည် အတော်နည်းပါတယ်ဗျာ” ဟု မန္တလေး မြို့ခံပွဲစားတဦးက ပြောသည်။
မုံရွာကုန်စည်ဒိုင်တွင်လည်း ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီတခုဖွဲ့စည်းခိုင်းထားရာ ရန်ကုန်ရှိ VRV ကုမ္ပဏီမှ ဦးတင်မြင့်က ကုမ္ပဏီဖွဲ့စည်းနိုင်ရေး ဦးဆောင်လှုပ်ရှားနေသည်ဟု မြို့ခံပွဲစားတဦးက ပြောသည်။
“အခုလောလောဆယ်တော့ ဒါရိုက်တာ (၇) ဦးထားမှာပေါ့နော်။ ဒါရိုက်တာအဖွဲ့ဝင် စာရင်းအများကြီးတင်ရင် ဖွဲ့စည်းခွင့်ကျဖို့ ကြာတယ်။ နောက်မှ ဖွဲ့စည်းပုံပြန်ပြောင်းရင်လည်းပြောင်းမယ်။ အခု ရန်ကုန်ကလူတွေပဲ ဦးဆောင်လှုပ်ရှားနေကြတာပေါ့။ မုံရွာက ဖွဲ့မယ့်ကုမ္ပဏီမှာ ရန်ကုန်က (၁၄) ဦးပါမယ်” ဟု မုံရွာ ကုမ္ပဏီ ဖွဲ့စည်းရေး တွင်ပါဝင်သူတဦးက ပြောသည်။
အဆိုပါကုမ္ပဏီတွင် ရှယ်ယာဝင် (၅၀) ဦးဖြင့်ဖွဲ့စည်းရမည်ဖြစ်ကာ ရှယ်ယာဝင် တဦးလျှင် သိန်းတရာနှုန်းစီ ထည့်ဝင်ကြရမည်ဖြစ်သော်လည်း ရန်ကုန် ကုမ္ပဏီတခုကမူ သိန်းတထောင်ထည့်ဝင်သွားမည်ဟု ကြားသိ ရသည်။
သီးနှံဈေးကွက်သတင်းများရေးသားနေသူတဦးက “စိတ်မ၀င်စားကြပါဘူးဗျာ။ ပဲဈေးကအေးနေတဲ့အထဲ သူတို့ဖွဲ့စည်းရေးတွေက တမျိုး။ အခုတမျိုးတော်ကြာတမျိုး။ စည်းကမ်းတွေကလည်း အမျိုးမျိုးရယ်။ သူတို့နဲ့ မကင်းသာတဲ့ လူတွေပဲပါမယ့်သဘောပါ။ ဒီကကုန်သည်ပွဲစား တွေကတော့ monopolize ဖြစ်သွားမှာ ကြောက်ကြတယ်။ ဒါကြောင့် မလွှဲမရှောင်သာတဲ့သူတွေက သိန်းတရာသတ်မှတ်ရင် တရာပဲထည့်ကြတာ။ ပိုမထည့်ကြဘူး။ ရန်ကုန်ကုမ္ပဏီတွေကတော့ ပိုထည့်ကြမယ်လို့ကြားတယ်” ဟု ပြောသည်။
ယခုနှစ် ပဲထွက်ချိန်တွင် ဈေးနှုန်းများကျဆင်းခြင်း၊ အထွက်နှုန်းနည်းခြင်းတို့ကြောင့် တောင်သူများလည်း အရှုံးပေါ်သည်ဟု ပုလဲမြို့နယ်မှ တောင်သူတဦးက ဆိုသည်။
“အထွက်နည်းတာက ပိုးကျလို့မဟုတ်ဘူး။ မနှစ်က မိုးနှောင်းသိပ်မကောင်းတော့ အသီးမတင်ကြဘူး။ အရင်က တဧကစိုက်ရင် ဗွီတူး (ကုလားပဲဖြူလုံးကြီး) ဆယ့်ငါးတင်းနဲ့ နှစ်ဆယ်ကြားမှာ ထွက်တယ်။ ဒီနှစ် ဆယ်တင်း လောက်ပဲ ရကြတာ။ စိုက်ပျိုးစရိတ်က တဧကကို တသိန်းခွဲ နှစ်သိန်းကြားမှာ ကုန်ခဲ့ကြတာဗျာ။ ပေါ်ချိန်မှာ ပဲဈေးက တသောင်းလောက်ပဲရှိတော့ ရှုံးကြတာပေါ့။ မကိုက်ဘူး။ ဒီနှစ်ကတော့ ဘာမှ အလုပ်မဖြစ် ကြဘူး။ ခရမ်းချဉ်သမားတွေလည်း ရှုံးကြတာပဲ။ တပိဿာမှ သုံးဆယ်လောက်ပဲ ဈေးရှိတာဆိုတော့လေ။ တခြား ဈေးတွေကျပေမယ့် စိုက်ပျိုးရေးဆေးဈေးတွေက မကျဘူး” ဟု အထက်ပါတောင်သူက ပြောသည်။
ယမန်နှစ် ပဲပေါ်ချိန်တွင် ပြည်ပပို့ပဲများဖြစ်သော ပဲစင်းငုံ၊ ဗွီတူး တို့သည် တတင်းကျပ်တသောင်းကျော်ဖြင့် ပွဲထွက်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ်တသောင်းအောက်ဖြင့် စတင်ခဲ့ရသည်။
ပြီးခဲ့သည့် တလပိုင်းက အိန္ဒိယမှ ပဲတန်ချိန်ရှစ်သောင်းဝယ်ယူမည့် သတင်းများ ပေါ်ထွက်ခဲ့သော်လည်း ယခုအချိန်ထိ အိတ်စ်ပို့ဆွဲလက် မရှိသေးဘဲ ပြည်တွင်းခွဲစက်သမားအနည်းအကျဉ်းသာ ၀ယ်ယူနေသေးကြောင်း အညာဒေသခံပွဲစားများက ပြောသည်။
source by : http://www.khitpyaing.org/news/march_09/17-3-09a.php
ပဲဈေးကွက်အေးစက် ကုမ္ပဏီများ ဆက်ဖွဲ့
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment