ကြည်ဝေ | မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်အနီး၊ တော်ဝင်နန်း တည်းခိုရိပ်သာ တတိယ ထပ်တွင် ယမန်နေ့က ညနေ၄ နာရီ ခွဲ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ လူတဦး သေဆုံးခဲ့သောကြောင့် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်နှင့် မြောက်ဥက္ကလာပ မြို့နယ်အတွင်း လုံခြုံရေးများ ထူထပ်စွာ ချထားသည်။
![]() ဗုံးပေါက်ကွဲရာ တော်ဝင်နန်းတည်ခိုရိပ်သာ (ဓာတ်ပုံ - ကြည်ဝေ) |
“ဗုံးပေါက်ကွဲတာ အသံလည်းသိပ်မပြင်းဘူး၊ ပြီးတော့ အဲဒီအခန်း တခန်းတည်းမှာပဲ ပေါက်သွားတာ၊ တခြား ထိခိုက်မှုတွေ မရှိပါဘူး၊ အဲဒီအခန်းထဲက လူပဲ ဒဏ်ရာ ရပြီး သေဆုံးသွားတာ၊ တခြား ဒဏ်ရာ ရတဲ့သူတော့ မကြားမိဘူး” ဟု အဆိုပါ တည်းခိုခန်းအနီးတွင် နေထိုင်သူတဦးက ဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် တည်းခိုခန်းတတိယထပ်တွင် တည်းခိုနေသူ လူတဦးသေဆုံးခဲ့ရပြီး ထိုသူမှာ ဗုံးတပ်ဆင် နေစဉ် သေဆုံးခြင်းဖြစ်နိုင်ကြောင်း အဆိုပါ တည်းခိုခန်းမှ ၀န်ထမ်းတဦးက ခန့်မှန်းပြောဆိုခဲ့သည်။
၎င်း တည်းခိုးခန်းအနီးတွင် နေထိုင်သူ တချို့ကမူ အမျိုးသမီးတဦးနှင့် အမျိုးသားတဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သတင်းကြားကြောင်း ပြောဆိုနေကြသည်။
တပ်မတော်နေ့ မတိုင်မီ တရက်အလိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်း လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်များသာမက အရန်မီးသတ်ဝင်များ၊ ရယက များနှင့်စွမ်းအားရှင်များကိုပါ လမ်းဆုံ လမ်းထောင့် နေရာများတွင် စကားပြောစက်များနှင့် တွေ့မြင်ရသည်။
“မနေ့ညကတည်းက ကားဝင်းထဲက တည်းခိုခန်းတွေရော၊ စားသောက်ဆိုင်ခန်းတွေနဲ့ လူနေတဲ့ အခန်းတွေ အားလုံးကို ဧည့်စာရင်းစစ်ပြီး ၀င်ရှာကြတယ်။ ခရီးသည် စာရင်းတွေကိုလည်း သေချာစစ်တယ်၊ ပြီးတော့သူတို့ မသင်္ကာတဲ့သူဆိုရင် မေးမြန်းနေလို့ ကားထွက်တာတောင် နောက်ကျကုန်တယ်” ဟု အောင်မင်္ဂလာအဝေးပြေး ကားဂိတ်ဝင်း အတွင်းမှ ကားဂိတ်စာရေးတဦးက ပြောဆိုသည်။
ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော မြောက်ဥက္ကလာပမြို့နယ်အပြင် တောင်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များ အတွင်းရှိ ရပ်ကွက်တချို့တွင်လည်း ဧည့်စာရင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သေးကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရှိရသည်။
၂၀၀၉ မတ်လ ၃ ရက်နေ့ ည ကလည်း စမ်းချောင်း ပဒုမ္မာပန်းခြံအတွင်းနှင့် ကမာရွတ်လှည်းတန်း ရန်ကုန်-အင်းစိန်ကားလမ်းမ၊ အင်းစိန်ဘက်အသွား မှတ်တိုင်တို့တွင် ဗုံး ပေါက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ သည်။ ထိုပေါက်ကွဲမှုများမှာ ပြင်းထန်သော်လည်း လူသေဆုံးမှု မရှိခဲ့ပေ။
တော်ဝင်နန်း တည်းခိုခန်းအတွင်း ဗုံးပေါက်ကွဲမှုမှာ ၂၀၀၉ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ဖြစ်ပြီး ပထမဦးဆုံးအကြိမ် လူသေဆုံးသော ပေါက်ကွဲမှုလည်း ဖြစ်သည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ယနေ့ စစ်အစိုးရထုတ် သတင်းစာ များတွင် ရေးသားဖော်ပြထားခြင်း မတွေ့ရပေ။
ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့်အတူ အေးလဲ့ ပါဝင်ရေးသားသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=890:2009-03-27-07-48-49&catid=1:news&Itemid=2









0 comments:
Post a Comment