![]() |
“ဆယ်အိမ်မှူးတွေက သူတို့နာမည်နဲ့ သုံးလေးလုံး ယူတယ်။ တကယ်ရရမယ့် လူတွေက မရဘူးဗျာ။ အစိုးရကတော့ အိမ်တွေဆောက်ပေးထားပါတယ်။ ဒါပေမယ့် ရယကတွေက ပိုက်ဆံယူပြီး အိမ်ငှားတွေ ဘာတွေကိုလည်း အိမ်နေရာတွေ ချထားပေးတယ်။ အိမ်ရှင်တချို့က အိမ်မရဘူး။ နံပါတ်ထပ်လို့ဆိုပြီး အိမ်ပေါ်တက်မရဘူး။ ကိုယ်က မြေကြီးမှာ နေရတယ်။ အဲလိုမျိုး အိမ်ထောင်စုပေါင်း (၂၀) ကျော်လောက်ရှိနေပြီ။ အခုချိန်ထိလည်း ရယကတွေက ဖြေရှင်းပေးတာမရှိဘူး။ ရယက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက ဖယ်ပေးရတဲ့ နေရာမှာ အိမ်မရှိဘူး။ သူတို့အိမ်တွေက လွတ်တဲ့ နေရာတွေမှာ ရှိတာ။ ဒါပေမယ့် နောက်ရတဲ့ နေရာမှာ သူတို့က အိမ်ယူတယ်။ ရယက ဥက္ကဋ္ဌဆိုရင် သူ့အိမ်ကို (၁၅) သိန်းနဲ့ ပြန်ရောင်းပြီးသွားပြီ” ဟု အရွှေ့ပြောင်းခံရသူတဦးက ပြောသည်။
အဆိုပါ ရွှေ့ပြောင်းမှုကို ၂၀၀၈ ခုနှစ်အတွင်းက စတင်ခဲ့ခြင်းဖြစ်ကာ ဖော့ကန် သံမဏိရပ်ကွက် အမှတ် (၁၊ ၂၊ ၃၊ ၄) တို့ ဦးစွာ ရွှေ့ပြောင်းခဲ့ရသည်။ အမှတ် (၅) ရပ်ကွက်ကို ဖေဖော်ဝါရီ (၂၅) ရက်ခန့်က စတင်ရွှေ့ပြောင်းခိုင်းခဲ့ရာ ယခုအားလုံး ရွှေ့ပြောင်းပေးခဲ့ရပြီ ဖြစ်သည်။
“ကလေးတွေ စာမေးပွဲစစ်နေတဲ့အချိန်ကြီး ပြောင်းခိုင်းတာလေ။ စစ်ကားတွေနဲ့ အကုန်ကောက်တင်တာ။ အားလုံး ဒုက္ခရောက်တယ်။ ရပ်ကွက်က မူလတန်းကျောင်းလေးကိုပါ ပြောင်းပေးလိုက်ရတာ။ အခုကျောင်းက လယ်မြေ ကွင်းခေါင်ခေါင်ကြီးမှာ ကလေးတွေ သစ်ရိပ်မရှိ၊ ဘာမရှိနဲ့ ကျောင်းတက်ကြရတာ။ အပင်တပင်မှ မရှိဘူး။ ရေကလည်း သောက်လို့မရဘူး။ အပြင်ကနေ လာရောင်းတဲ့ တပုံး (၃၀၀) ၀ယ်သုံးကြရတာ။ ဒီမှာထွက်တဲ့ ရေတွေက ၀ါနေတာ။ အ၀တ်လျှော်လို့တောင် မကောင်းဘူး” ဟု အိမ်ရှင်မတဦးက ဆိုသည်။
ယင်းရွှေ့ပြောင်းအိမ်ထောင်စုများကို လှည်းကူးမြို့နယ် (တ-၁၅) ရပ်ကွက်ဟု ခေါ်ဆိုထားသည့် သိမ်းဆည်း လယ်မြေများတွင် ပြန်လည်နေရာချထားပေးခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်မီးမရသကဲ့သို့ ဆေးရုံ၊ ဆေးပေးခန်းနှင့် အလှမ်းဝေးလှကြောင်း ရွှေ့ပြောင်းခံတဦးက ပြောသည်။
“လိုင်းကားလိုင်းတလိုင်းပဲရှိတယ်။ အမှတ် (၂၁၂) လိုင်းကားတခုပဲ ရှိတယ်။ အဲဒီကားက တနာရီလောက်မှ တစီးပဲ ရှိတာ။ ရန်ကုန်မြို့ ထဲရောက်ဖို့ (၂) နာရီလောက် အချိန်ကြာတယ်။ ညနေ (၆) နာရီလောက်ဆိုရင် ကားမရှိလို့ လှော်ကားဘူတာကနေ ၀ါးတရာလောက် အထိ လမ်းလျှောက်ရတယ်။ လျှပ်စစ်မီးရအောင် လုပ်ပေးမယ်ဆိုပြီး အခုထိ မီးမရတော့ ကျမတို့လို မိန်းကလေးတွေ အရမ်းဒုက္ခရောက်တယ်။ လမ်းတွေကလည်း မကောင်းဘူး” ဟု နေ့စဉ် မြို့ထဲရုံးတက်နေရသော အမျိုးသမီးဝန်ထမ်းတဦးက ပြောသည်။
source by : http://www.khitpyaing.org/news/march_09/6-3-09f.php









0 comments:
Post a Comment