ခြံစည်းရိုးကာခြင်းသည် ရိုဟင်ဂျာများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ဖြစ်သည်ဟု အကဲခတ်များပြော

Friday, March 20, 2009 ·

ဆလိုင်းပီးပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ အဆိုပြုထားသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ခြံစည်းရိုး ကာရံရေးသည် ဒေသတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများ၏ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်ရန် စစ်အစိုးရ၏ အစီအစဉ် ဖြစ်နိုင်သည်ဟု အကဲခတ်များက ပြောသည်၊

မြန်မာ စစ်အာဏာပိုင်များသည် မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ခြံစည်းရိုး ကာရေးအတွက် လိုအပ်သော ပစ္စည်းများကို ယူဆောင်လာခဲ့သည်ဟု နယ်စပ်အနီးတွင် နေထိုင်သော သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။

အဆိုပါ သတင်းရပ်ကွက်၏ အပြောအရ မြန်မာ စစ်အစိုးရသည် ကီလိုမီတာ ၅ဝ ရှည်လျားသော ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက် သံဆူးကြိုးကာရံရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ဤခြံစည်းရိုးသည် ရိုဟင်ဂျာများ၏ နယ်စပ် ဖြတ်ကျော်သွားလာမှုများကို တားဆီးရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်နိုင်သည် ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန် သတင်းကွန်ရက် မှ အယ်ဒီတာ ဦးတင်စိုးက ပြောသည်။ ဤရိုဟင်ဂျာများကို ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှား အာဏာပိုင်များက ပင်လယ်တွင်းမှ ကယ်ယူခဲ့ရပြီးနောက် မကြာသေးမီက ဒေသတွင်း စိုးရိမ်ပူပန်စရာ ကိစ္စတရပ် ဖြစ်လာခဲ့သည်။

ထိုင်းအာဏာပိုင်များက အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များကို ပင်လယ်တွင်းသို့ ဆွဲယူ စွန့်ပစ်ခဲ့ပြီးနောက်၊ လွန်ခဲ့သော နှစ်ဒီဇင်ဘာလက ရိုဟင်ဂျာ ရွှေ့ပြောင်းဒုက္ခသည် တရာကျော်ကို အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း အနီးတွင် ကယ်ဆယ်ခဲ့ရကြောင်း၊ အခြား ရာပေါင်းများစွာမှာ ရေနစ် သေဆုံးဖွယ်ရှိကြောင်း အိန္ဒိယ အာဏာပိုင်များက ဆိုပါသည်။

အလားတူပင် အဆိုပါ နိုင်ငံရပ်ခြားတွင် အလုပ်အကိုင် ကောင်းကောင်းရှာဖွေရန် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာ နိုင်ငံမှ ထွက်ပြေး လာခဲ့ရပါသည် ဆိုသော ရွှေ့ပြောင်း ဒုက္ခသည်များ ရာပေါင်းများစွာကို အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ကယ်ဆယ်ခဲ့ရသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံကမူ သူတို့ပိုင်နက် နယ်မြေအတွင်း ရိုဟင်ဂျာ လူနည်းစုလူမျိုးများ ရှိသည်ဟူသည့် အချက်ကို ငြင်းဆိုထားပြီး၊ မြန်မာနိုင်ငံတွင် မွေးဖွားကြောင်း သက်သေ အထောက်အထား ပြနိုင်သူများကိုသာ ပြန်လည်လက်ခံရန် ကမ်းလှမ်းထားသည်။

ဤအတောအတွင်း နိုင်ငံခြားတွင် နေထိုင်ကြသော ရိုဟင်ဂျာ လူနည်းစု ကိုယ်စားလှယ်များက သူတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ရခိုင်ပြည်နယ်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြကြောင်း၊ သို့သော် အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံခဲ့ရပြီး၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှုလည်း မခံရ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်လည်း မရရှိကြ ဟု ပြောပါသည်။

“ဒီလို (ခြံစည်းရိုး) ကာတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော် ဝင်ရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်ဘို့လုပ်တာဘဲလို့ ကျနော်ထင်တယ်” ဟု ဦးတင်စိုးက ပြောသည်။

ရိုဟင်ဂျာ မူဆလင် လူနည်းစုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မောင်းတော မြို့နယ်တွင် အမျာစု နေထိုင်ကြပြီး၊ ပိုမိုလုံခြုံမှုရှိသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မကြာခဏ ဖြတ်ကျော် ဝင်ရောက်ကြသည်ဟု သူက ဆက်လက် ပြောကြားသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်အခြေစိုက် နေရဉ္စရာ သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးထွန်းကျော်ကမူ ဤခြံစည်းရိုးသည် ရိုဟင်ဂျာလူမျိုးများ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ် ထိန်းချုပ်ရုံသာမဟုတ်၊ ဘင်္ဂလား ပင်လယ်အော်ထဲတွင် ပြုလုပ်မည့် အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲ ပင်လယ်ပြင် ကင်းလှည့်မှု နှင့်လည်း ဆက်စပ်နေနိုင်ကြောင်း ပြောသည်။

“ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန် ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်တာကလည်း မြန်မာအစိုးရ နယ်စပ်မှာ ခြံစည်းရိုးကာဘို့ လုပ်တာရဲ့ အကြောင်းရင်းတရပ် ဖြစ်နိုင်ပါတယ်” ဟု ဦးထွန်းကျော်က ပြောသည်။

နယ်စပ်အနီး နေထိုင်သော သတင်းရပ်ကွက်များက ပြောရာတွင် အာဏာပိုင်များသည် မတ်လ ၁၄ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စစ်တပ်အင်အားများ တိုးမြှင့်ချထားသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးကာရံရာတွင် လုံခြုံရေး ယူပေးရန် ဤသို့ တိုးမြှင့်ချထားခြင်း ဖြစ်သည်ဟု ဆိုသည်။

“အကျဉ်းသားအယောက် ၁ဝဝ ကျော်နဲ့ စစ်သား အများအပြား ခြံစည်းရိုး တည်ဆောက်ဘို့ ပို့ပေးနေတယ်။ အခုသူတို့ အားလုံးကျနော်တို့ ရွာမှာ ရောက်နေကြပြီ” ဟု ခြံစည်းရိုး စတင်ကာရံမည့်နေရာ ဖြစ်နိုင်သည့် ငါးခူရရွာမှ ဒေသခံ တဦးက အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့ပါသည်။

အလားတူပင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် ကုန်းမြေနယ်စပ်တလျှောက် လုံခြုံရေးများ တိုးမြှင့်ချထား လျက်ရှိပြီး၊ မြန်မာရေတပ်၏ လှုပ်ရှားသွားလာမှုကို စောင့်ကြည့် အကဲခတ်ရန် ရေတပ် သင်္တောတစင်းကိုလည်း ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ စေလွှတ်ထားသည်ဟု သတင်းရပ်ကွက်များက ပြောပါသည်။

“ဘင်္ဂလားဒေ့ရှ် စစ်တပ်ကိုတော့ တပ်လှန့်ထားတယ်၊ ဒါပေမယ့် နယ်စပ် အခြေအနေကတော့ အေးအေး ဆေးဆေး ပါဘဲ” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ရေနံအစမ်း တွင်းတူးရန် တောင်ကိုရီးယား ဒေဝူးကုမ္ပဏီမှ သင်္ဘောတစင်းကို မြန်မာရေ တပ်က စောင့်ရှောက် ခေါ်ယူလာခဲ့ပြီးနောက် နယ်စပ်ပိုင်နက် အငြင်းပွါးမှုနှင့် စပ်လျဉ်းပြီး နှစ်နိုင်ငံ အကြား လိပ်ခဲတည်းလည်း အခြေအနေတရပ် နိုင်ဝင်ဘာလ အတွင်းက ဖြစ်ပေါ်ခဲ့သည်။

ဤလုပ်ရပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချက်ချင်း ဆန့်ကျင် ကန့်ကွက်ခဲ့ပြီး ဘင်္ဂလား ပင်လယ်အော် အတွင်းသို့ ရေတပ် သင်္ဘောများ စေလွှတ်ခဲ့သည်။ မြန်မာရေတပ် သင်္ဘောများ ဘင်္ဂလား ပယ်လယ်အော် အတွင်းမှ ပြန်လည် ရုပ်သိမ်းဆုတ် ခွါသွားပြီးနောက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နှစ်နိုင်ငံ စလုံးက ဤအခြေအနေကို သံတမန် လမ်းကြောင်းများဖြင့် ဖြေရှင်း ကိုင်တွယ်သွားရန် သဘောတူညီခဲ့ကြသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2627-2009-03-20-05-11-02.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */