ဧရာဝတီ | အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမှု စတင်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ရန် အတိုက်အခံ နိုင်ငံရေးပါတီက ယနေ့ကျရောက်သည့် တော်လှန်ရေးနေ့တွင် တောင်းဆို လိုက်သည်။
![]() နေပြည်တော်တွင် ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနား (ဓာတ်ပုံ - အေပီ) |
အဖွဲ့ချုပ်က ယနေ့ ကျရောက်သည့် ၆၄ နှစ်မြောက် တော်လှန်ရေးနေ့ အတွက် အထိမ်းအမှတ် အခမ်းအနား တခုကို ရန်ကုန်ရှိ ဌာနချုပ် ရုံးတွင် ပြုလုပ်ခဲ့သည်။ တော်လှန်ရေး နေ့သည် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ် ဂျပန်တို့အား မြန်မာနိုင်ငံမှ တော်လှန် တိုက်ထုတ်ခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ တော်လှန်ရေးနေ့ကို စစ်အစိုးရ အဆက်ဆက်က တပ်မတော်နေ့ဟု ခေါ်ဝေါ် သုံးစွဲသည်။
စစ်အစိုးရကလည်း မြို့တော်သစ် နေပြည်တော်တွင် စစ်ရေးပြ အခမ်းအနားကြီး တခုကို ပြုလုပ်ခဲ့သည်။ စစ်သား၊ ရဲ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် စုစုပေါင်း တသောင်းကျော် ပါဝင်သည့် စစ်ရေးပြပွဲဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မိန့်ခွန်း ပြောကြားရာတွင် အဖွဲ့ချုပ်နှင့် တခြားသော နိုင်ငံရေး အဖွဲ့အစည်းများ၏ တောင်းဆိုထားချက်ကို လျစ်လျူရှု ပယ်ချလိုက်သည်။ အတိုက်အခံများက စစ်အစိုးရစိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရန် ဝိုင်းဝန်း တိုက်တွန်းထားသည်။
အခြေခံဥပဒေကို သုံးသပ် ပြင်ဆင်မှု ပြုလုပ်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။ “ပြည်သူလူထုက အဆိုပါဥပဒေကို အတည်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်” ဟု ဆိုသည်။ ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီ ရလိုပါက ပြည်ပမှ အတွေးအမြင် သဘောတရားများကို လက်မခံသင့် ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောလိုက်သည်။
၁၇ မိနစ်ကြာမြင့်သည့် ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းမှာ လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ကြေညာထားသည့် အထွေထွေ ရွေးကောက်ပွဲအကြောင်းကို အသားပေး ပြောကြားသွားသည်ဟု နေပြည်တော်မှ လာသည့် အေပီသတင်းတွင် ဖော်ပြထားသည်။
နိုင်ငံရေး ပါတီများ အနေဖြင့် တဖွဲ့နှင့်တဖွဲ့ ထိုးနှက်တိုက်ခိုက်မှုများကို ရှောင်ရှားသင့်သည်ဟု ဗိုလ်ချုပ်မှူးကြီးက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။ ရင့်ကျက်သည့် ဒီမိုကရေစီ ဖော်ဆောင်ရန် အချိန်ယူကြ ရမည် ဟုလည်း ၎င်းက ပြောကြားလိုက်သည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=894:2009-03-27-12-57-09&catid=1:news&Itemid=2









0 comments:
Post a Comment