လွတ်လပ်စွာ စိစစ်ရန်လိုဟု ကင်ပိန်း လှုပ်ရှားသူများက ကုလကို ပြော

Wednesday, February 18, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်အရှေ့ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများဟု အများက သိရှိနေသည့် ကရင်ခွဲထွက် အဖွဲ့များအား ကမ္ဘာ့လူ့အခွင့်အရေး ကျွမ်းကျင်သူက သွားတွေ့သည့်အပေါ် အလွန် တုန်လှုပ် မိကြောင်းဖြင့် ဗြိတိန်အခြေစိုက် ကင်ပိန်း လှုပ်ရှားသူတဦးက ပြောသည်။

မစ္စတာကင်တားနား (Quintana) က KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် ကရင်တပ်မတော် (DKBA) တို့ကို သွားတွေ့ခဲ့သည်ကို အလွန် အံ့သြတုန်လှုပ်မိကြောင်း ကမ္ဘာတလွှား ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ 'Christian Solidarity Worldwide' (CSW) မှ ပြောဆိုခြင်းဖြစ်သည်။

"ကျနော်တော့ ဒီသတင်းကို မကြားသေးပါဘူး။ ဒါပေမဲ့ ဒီသတင်းသာ မှန်ခဲ့မယ်ဆိုရင် ကျနော် အလွန် တုန်လှုပ်မိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ရှိသူတွေနဲ့တော့ သူ တွေ့ပြီး၊ ကရင် ပြည်သူတွေရဲ့ တကယ်စစ်မှန်တဲ့ တခုတည်းသော ကိုယ်စားလှယ်တွေဖြစ်တဲ့ KNU နဲ့တော့ အခုထိ မတွေ့သေးပါဘူး" ဟု CSU မှ ဘင်နီဒစ်ရော်ဂျာ (Benedict Rogers) က ပြောသည်။

ကင်တားနားသည် ကရင် အမျိုးသားအစည်းအရုံး (KNU) ကိုမူ ယခုထိ သွားရောက်တွေ့ဆုံခြင်း မရှိသေးကြောင်း သူက ဆိုသည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံးမှ ပေးပို့သော အီးမေးလ်သတင်းအရ ကင်တားနားသည် တနင်္ဂနွေနေ့က မြန်မာပြည် အရှေ့ပိုင်း ကရင်ပြည်နယ်သို့ သွားရောက်ပြီး KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် တွေ့ဆုံခဲ့ပြီး၊ တနင်္လာနေ့တွင် DKBA အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

DKBA, KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ၂ ဖွဲ့စလုံးသည် KNU မှ ခွဲထွက်လာသည့် ခွဲထွက်အဖွဲ့များ ဖြစ်သည်။ KNU သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲကို နှစ်ပေါင်း ၆ဝ ကျော် ဆင်နွှဲ နေသည့် အဖွဲ့ဖြစ်သည်။

ခွဲထွက်အဖွဲ့ နှစ်ဖွဲ့စလုံးသည် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ယူထားပြီး စစ်အစိုးရ၏ KNU ကို ထိုးစစ်ဆင်ရာ တွင်ပူးပေါင်း ပါဝင်ကြသည်ဟု သိရသည်။

မစ္စတာ ကင်တားနားက ကရင်ခွဲထွက် အဖွဲ့များနှင့် တွေ့ဆုံခဲ့သည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရ သေးသော်လည်း မြန်မာပြည်အရှေ့ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးသည် ဆိုလျှင် ကုလသံတမန်အနေဖြင့် KNU အဖွဲ့ဝင်များကိုလည်း တွေ့ဆုံသင့်ကြောင်း ရော်ဂျာက ဆိုသည်။

CSW အဖွဲ့ဝင်များနှင့်အတူ မကြာသေးခင်က မြန်မာပြည် အရှေ့ပိုင်းသို့ သွားရောက်ပြီး ၃ ပတ်ကြာ ကွင်းဆင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မစ္စတာရော်ဂျာက ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာပြည် အရှေ့ပိုင်းဒေသများတွင် စစ်အစိုးရ၏ စစ်တပ်များက DKBA, KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အပါအဝင် သူတို့၏ မဟာမိတ် အဖွဲ့ဝင်များနှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ပြောသည်။

CSW က တနင်္လာနေ့က ကျေညာချက် ထုတ်ပြန်ကာ မြန်မာပြည်အရှေ့ပိုင်းတွင် စနစ်တကျ ကျူးလွန်နေသော မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်သွားစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဖိအားများ ပိုမိုပေးပါရန် ထပ်မံတောင်းဆိုလိုက်သည်။

"ရွာသားတွေဟာ အသက်အန္တရာယ်က လွတ်ဖို့ အမြဲပဲ ရှောင်ပုန်းပြေးလွှားနေရတယ်။ ဒါပေမဲ့ ကျနော်တို့ တွေ့သလောက်တော့ သူတို့ဟာ ထိုင်းဘက်ကို ကူးမလာကြသေးဘဲ ပြည်တွင်းမှာပဲ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခန်းတွေမှာပဲ ဆက်နေကြတာ တွေ့ရတယ်" ဟု ရော်ဂျာက မဇ္ဈိမကို ပြောသည်။

အဖြစ်အပျက်တခုတွင် အဘိုးအိုတဦးသည် DKBA ၏ ရန်ကို ကြောက်၍ မိမိအိမ်မှ ထွက်ပြေးရာတွင် သူ့အိမ်ရှေ့တွင် ထောင်ထားသော မြေမြှုပ်မိုင်းကြောင့် ခြေပြတ်သွားခဲ့ရသည်ဟု သူက ဆိုသည်။

မစ္စတာ ကင်တားနားအနေဖြင့် DKBA, KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့တို့နှင့်သာ တွေ့ဆုံမည်ဆိုပါက ဤအဖွဲ့များ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသူများ ဖြစ်သည့်အတွက် သူ့အနေဖြင့် 'မှားယွင်း ပုံပျက်နေသော သတင်း အချက်အလက်များ' ကိုသာ ရရှိလိမ့်မည်ဟု ရော်ဂျာက ပြောသည်။

"သူ (မစ္စတာကင်တားနား) က လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေနဲ့တော့ တွေ့တယ်။ ချိုးဖောက်ခံရတဲ့ ပြည်သူတွေနဲ့တော့ မတွေ့ဘူးဆိုတာ ကျနော့်အတွက်တော့ တမျိုးကြီးဖြစ်နေပါတယ်။ ဒီပြည်သူတွေဟာ သူ တကယ်တွေ့ရမယ့်သူတွေပါ" ဟု ရော်ဂျာက ဆိုသည်။

ဤအတောအတွင်း မြန်မာအစိုးရ ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာကလည်း KNU တို့သည် ထိုင်းမြန်မာ နယ်စပ်မြို့ မြဝတီကို လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု တနင်္ဂနွေနေ့က စွပ်စွဲရေးသားဖော်ပြခဲ့သည်။

"ကရင် သောင်းကျန်းသူများသည် ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်နေ့) တွင် ကရင်ပြည်နယ် မြဝတီမြို့ကို အဝေးမှ လက်နက်ကြီးများဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့သည်" ဟု သတင်းစာက ရေးသားခဲ့သည်။

ထို့ပြင် KNU သည် တိုင်းပြည်တွင်းတွင် အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောက် လုပ်ရပ်များကို ကျူးလွန်နေကြောင်းနှင့် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ မိုင်းထောင်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို လုယက် ဓားပြတိုက်ခြင်း၊ ခြောက်လှန့်၍ ငွေတောင်းယူခြင်း၊ အိမ်များကို မီးရှို့ခြင်း အပြင် ယခုကဲ့သို့ အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းလည်း ကျူးလွန်နေကြောင်း သတင်းစာက စွပ်စွဲရေးသားထားသည်။

သို့သော် KNU ကမူ မြဝတီမြို့ကို လက်နက်ကြီးဖြင့် ပစ်ရာတွင် သူတို့ မပါဝင်ကြောင်း တနင်္လာနေ့က ငြင်းဆို သွားခဲ့ပြီး၊ သူတို့အဖွဲ့၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် စစ်အစိုးရ ကိုယ်တိုင်ကသာ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် စွပ်စွဲခဲ့သည်။

ယခု ပစ်ခတ် တိုက်ခိုက်မှုတွင် KNU နှင့်သော်၎င်း၊ ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား တပ်မတော် (KNLA) နှင့် သော်၎င်း လုံးဝ မပတ်သက်ကြောင်း တနင်္လာနေ့က ကျေညာချက်တရပ် ထုတ်ပြန်ကာ KNU က ငြင်းဆိုထားသည်။

"KNU တွင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရန် မူဝါဒ ချမှတ်ထားကြောင်း" ကျေညာချက် တွင် ဖော်ပြထားသည်။

"ဤလုပ်ရပ်သည် နအဖ (SPDC) ၏ KNU နှင့် ကရင်ပြည်သူများ၏ တော်လှန်ရေးခုခံစစ်ကို နာမည်ဖျက်ရန် စက်ပုန်းခုတ် လုပ်ကြံခြင်းမျှသာ ဖြစ်ကြောင်း" စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ကို ရည်ညွှန်းသုံးစွဲကာ KNU က ရေးသားခဲ့သည်။

ကရင်ပြည်နယ်အတွင်း ယင်း၏တပ်ဖွဲ့ဝင်များ ကျယ်ပြန့်စွာ ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဖုံးဖိရန်အတွက် ထိုသို့ စစ်အစိုးရတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု ယုံကြည်ယူဆရန် အကြောင်းအချက်များ ရှိကြောင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း လာရောက် စစ်ဆေးနေသော ကုလသံတမန် မစ္စတာကင်တားနား၏ ခရီးစဉ် ဦးတည်ချက်ကို လမ်းလွှဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း KNU က ပြောသည်။

KNU က ကုလသံတမန်ကို KNU အဖွဲ့၊ ကရင်လူထုအခြေပြု အဖွဲ့အစည်းများ၊ ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်းများရှိ ကရင်ပြည်သူများ၊ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များကို အခြေအနေမှန်များ သိရှိနားလည်ရေးအတွက် တွေ့ဆုံသင့်ကြောင်း တောင်းဆိုထားသည်။

အလားတူပင် တွေ့ဆုံရမည့် လူစာရင်းတွင် KNU ကို ဖယ်ထားခြင်းသည် မစ္စတာကင်တားနား အနေဖြင့် အခြေအနေမှန်များ သိရှိရေးတွင် အထောက်အကူပြုမည် မဟုတ်ဘဲ 'မှားယွင်း ပုံပျက်နေသော သတင်းများ' ကိုသာ သူ့အနေဖြင့် ရရှိလိမ့်မည်ဟု ရော်ဂျာက ပြောသည်။

မြန်မာပြည်အရှေ့ပိုင်းနှင့် အခြားနေရာ အနှံ့အပြားတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်စေရေး အတွက် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးဖိအားများ တိုးမြှင့်လုပ်ဆောင်ရန် တာဝန်ရှိကြောင်းလည်း ရော်ဂျာက ဆက်ပြောသည်။

"အပြောင်းအလဲတွေ အကောင်အထည်ဖော် လုပ်ဆောင်အောင် စစ်အစိုးရကို နိုင်ငံရေးနဲ့ သံတမန်ရေး ဖိအားတွေ အတူတကွ ပူးတွဲပေးတာကို ကျနော်တို့ မြင်တွေ့လိုပါတယ်" ဟု ရော်ဂျာက ဆိုသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2463-2009-02-18-08-29-11.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */