အကယ်ဒမီပေးစရာ ၄ ကားသာရှိ

Saturday, February 07, 2009 ·

အေးချမ်းမြေ့ | ဖေဖော်ဝါရီ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲတွင် ပေးနေကျ ဆု ၁၁ ဆုအတွက် ဇာတ်ကား ၄ ကားသာ ပေးစရာရှိကြောင်း ရုပ်ရှင် အသိုင်းအဝန်းမှ ကြားသိရသည်။


ရင်နင့်အောင်မွှေး ဇာတ်ကားမှ လွင်မိုးနှင့် မျိုးသန္တာထွန်း
(ဓာတ်ပုံ - planet.com.mm)
၂၀၀၇ ခုနှစ်တွင် ရုံတင်ခဲ့သည့် မြန်မာရုပ်ရှင် ဇာတ်ကားကြီး ၁၀ ကားသာ ရှိသော်လည်း ထိုအထဲမှ ၆ ကားမှာ ဟာသကားများဖြစ်၍ အကယ်ဒမီ ပေးလေ့ရှိသော ကားအမျိုးအစားများ မဟုတ်ဘဲ ရင်နင့်အောင်မွှေး၊ အမေနှင့် သမီးများ၊ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ နှင့် ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကား လေးကားသာ ဒရာမာ များဖြစ်သဖြင့် အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့က စိတ်ဝင်စားနိုင်သော ဇာတ်ကားများ ဖြစ်ကြောင်း ရုပ်ရှင် လောကသား တဦးက ပြောသည်။

“ရုပ်ရှင်က ၁၀ ကားရှိတယ်။ ဆုက ၁၁ ဆု။ တကားတဆု ဆိုပြီး ဝေပေးရင်တော့ ရမှာပေါ့။ ၂ ကားထဲကိုပဲ တကားကို ၅ ဆု တကားကို ၆ ဆု ပေးလိုက်ရင်တော့ မပြောတတ်ဘူး” ဟု ဇာတ်ကား ထုတ်လုပ်သူ တဦးက ပြောသည်။ ၂၀၀၇ အတွင်း ရုံတင်ခဲ့သည့် ဇာတ်ကား ၁၀ ကားထဲတွင် ၎င်းတို့ကုမ္ပဏီမှ ဇာတ်ကား တကား ပါဝင်သည်။

၂၀၀၇ အကယ်ဒမီ ဆုရှင်များ အနေနှင့် အမျိုးသားသရုပ်ဆောင်ဆုကို လူမင်းနှင့် လွင်မိုး အမျိုးသားဇာတ်ပို့ ဆုကို ကျော်ရဲအောင်၊ အမျိုးသမီး သရုပ်ဆောင်ဆုကို မျိုးသန္တာထွန်းနှင့် စိုးမြတ်သူဇာ အမျိုးသမီးဇာတ်ပို့ဆုကို ခိုင်သင်းကြည်တို့ ရရှိလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

လူမင်းမှာ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီဇာတ်ကားတွင် ပါဝင်ခဲ့ပြီး လွင်မိုးမှာ ရင်နင့်အောင်မွှေးဇာတ်ကားတွင် ပါဝင်ခဲ့သည်။ ကျော်ရဲအောင်ကို ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကားနှင့် ဇာတ်ပို့ဆု ရနိုင်သည်ဟု ခန့်မှန်းကြသည်။ ခိုင်သင်းကြည်နှင့် စိုးမြတ်သူဇာတို့မှာ အမေနှင့် သမီးများ ဇာတ်ကားတွင် ပါဝင်ခဲ့ကြသည်။

ဒါရိုက်တာဆုအဖြစ် ရင်နင့်အောင်မွှေးရိုက်ကူးသော ဒါရိုက်တာ မောင်ဝဏ္ဏ၊ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ ရိုက်ကူးခဲ့သော ဒါရိုက်တာ ထွန်းအောင်ဇော်နှင့် ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကား ဒါရိုက်တာ မြို့တော် မောင်ယဉ်အောင် တို့ကို ရရှိလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

“ခုတလော အကယ်ဒမီပေးခါနီးကျမှ အမေနဲ့ သမီးများ ဒါရိုက်တာ အန်ထော်နီ ရမယ်လို့ ပြောနေကြတယ်။ ကျမတို့ကတော့ မထင်ပါဘူး” ဟု ရန်ကုန်အခြေစိုက် ရုပ်ရှင်၊ ဂီတ သတင်းများ အသားပေး ဖော်ပြသော ဂျာနယ်တစောင်မှ အယ်ဒီတာ တဦးကပြောသည်။ ဒါရိုက်တာ အန်ထော်နီသည် ကျိုက်ထီးရိုး စေတီတွင် အကယ်ဒမီ အဓိဌာန်ပွဲဟူ၍ သွားရောက်ကျင်းပခဲ့သောကြောင့် အများက ထင်ကြေးပေးခြင်းဖြစ်သည် ဟုလည်း သူက ဆက်ပြောသည်။

ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကားကို တေးဂီတဆုရရှိနိုင်သည်ဟု ကြည့်ရှုခဲ့သူ တဦးကပြောသည်။ ၎င်း ဇာတ်ကားသည် မြို့တော် သိန်းအောင်ဇာတ်တွင် ကပြခဲ့သော ပြဇာတ်တပုဒ်ဖြစ်သည်။ ၎င်းဇာတ်ကားတွင် တေးဂီတဖန်တီးသူမှာ ဆိုင်းဆရာ စိန်မွတ္တားနှင့် ချမ်းသာကြည်စိုးတို့ဖြစ်သည်။

“ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားက လေးတယ်၊ ပျင်းစရာကြီး။ ရင်နင့်အောင်မွှေးကျတော့လည်း ခုခေတ်နဲ့ တော်တော့ ကိုအံမဝင်ဘူး။ ဇာတ်ကားအရ ကွာလတီလည်း မဖြစ်ဘူး” ဟု ၎င်းဇာတ်ကားများကို ကြည့်ရှုခဲ့ဖူးသူ ရုပ်ရှင် လောကနှင့် နီးစပ်သည့် လူငယ်တဦးက ပြောပြသည်။ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ မှာမူ ရာဇဝင်ဇာတ်ကား ဖြစ်သောကြောင့် ဇာတ်ကားဆုရနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ရင်နင့်အောင်မွှေး ဇာတ်ကားကို မင်းသမီး မျိုးသန္တာထွန်းကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထားပြီး ပါဝင် သရုပ်ဆောင် ထားသည့်အတွက် မျိုးသန္တာထွန်းကို အကယ်ဒမီရနိုင်သည်ဟု ခန့်မှန်းကြခြင်းဖြစ်သည်။ ခိုင်သင်းကြည်မှာမူ ရုပ်ရှင်နယ်ထဲ ဝင်ရောက်ချိန်ကတည်းက အကယ်ဒမီဆု တကြိမ်မှ မရရှိခဲ့ဘူး သောကြောင့် ပရိသတ်က ရစေချင်နေခြင်းဖြစ်ကြောင်း ရုပ်ရှင်ဂျာနယ် အယ်ဒီတာက သုံးသပ်သည်။

“အကယ်ဒမီက မှန်းတိုင်းလည်း ရချင်မှ ရတာ။ ဆုပေးတဲ့ လူကြီးမင်းတွေရဲ့ စိတ်နဲ့လည်း ထိတွေ့ဦးမှ။ ကိုယ်ကတော့ လိုချင်တာပေါ့။ ဒါပေမယ့် သူတို့ပေးမှ ရတာပဲ” ဟု ၂၀၀၇ အကယ်ဒမီပေးပွဲ ဝင်နွှဲမည့် ဒါရိုက်တာ တဦးက ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သူ လူငယ်အများစုမှာမူ အကယ်ဒမီပွဲကို ထူးထူး ခြားခြား စိတ်ဝင်စားမှု မရှိဘဲ မြန်မာ ရုံတင်ဇာတ်ကားများကို မကြည့်ကြသူ များသည်။ အမျိုးသမီးများမှာ ရုံတင် ဇာတ်ကားများထက် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် ကိုရီးယား ဇာတ်လမ်းတွဲများကိုသာ စိတ်ဝင်စားကြသည်ဟု ဆိုသည်။ အမျိုးသားများမှာ ဟောလိဝုဒ်ဇာတ်ကားများကို ပိုမို စိတ်ဝင်စားကြကြောင်း သိရသည်။

“ဒီနှစ် ဒီလူရ၊ နောက်နှစ် နောက်တယောက်ရမှာပဲ။ ကားကလည်း နည်းနည်းလေး။ သရုပ်ဆောင်ကလည်း နည်းနည်းလေး။ မှန်းလို့ ရတာပဲဟာ” ဟု ရန်ကုန်တွင်နေထိုင်သည့် ကုမ္ပဏီဝန်ထမ်း တဦးက ပြောသည်။ ၎င်းက အော်စကာဆုပေးပွဲကိုသာ စိတ်ဝင်စားကြောင်း ပြောပြသည်။

၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီပေးရန် ဇာတ်ကားအရေအတွက် ပိုနည်းနိုင်ကြောင်း ရုပ်ရှင်ဂျာနယ် အယ်ဒီတာ တဦးက ပြောပြသည်။ ၎င်းက ရုပ်ရှင်ရုံများတွင် နိုင်ငံခြားကားများသာ အတင်များနေပြီး မြန်မာ ဇာတ်ကားများ တင်စရာ မရှိသောကြောင့် နှစ်ကျော့၊ သုံးကျော့ ပြန်တင်နေရသည်ဟု ဆိုသည်။

“ဒရာမာကားဆို ခဏလေးနဲ့ ရုံက ဆင်းပြေးရတယ်။ လူမဝင်ဘူး။ တင်သမျှမြန်မာကားတွေကတော့ ဟာသ ကားတွေချည်းပဲ။ လူတွေက ဟာသကားတွေတော့ ကြည့်ကြတယ်” ဟု သူက ပြောပြသည်။ ရုပ်ရှင်ကုမ္ပဏီ အများစုမှာ ငွေဝင်သည့် ဟာသကားများကိုသာ ထုတ်လုပ်ချင်ကြသည်ဟု သူကဆိုသည်။

ဒရာမာဇာတ်ကားများ အရိုက်များသော နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ တဦးကမူ ၎င်းတို့ကုမ္ပဏီအနေနှင့် ဇာတ်ကားများ ထုတ်လုပ်ရန် မရင်းနှီးရဲတော့ကြောင်းနှင့် ရိုက်ကူး ထုတ်လုပ်လျှင်လည်း ရှုံးဖို့သာ သေချာ သလောက်ရှိကြောင်း ပြောဆိုသည်။

“လူတွေက စိတ်ဖိစီးမှုတွေ အရမ်းများတော့ ဟာသကားပဲကြည့်ချင်တယ်။ ကျမလည်း ဒရာမာကားကြီးတွေ မကြည့်ချင်ဘူး။ သိပ်ငိုရတဲ့ကားတွေဆို လုံးဝမကြည့်ဘူး။ ရုံထဲဝင် အော်ရယ်လိုက်ကြ၊ ခဏတော့ ကိုယ့်ဒုက္ခတွေ မေ့သွား၊ အဲဒါမျိုးပဲကြိုက်တယ်” ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးက ပြောပြသည်။

၂၀၀၇ ခုနှစ်အတွင်း ရုံတင်ခဲ့သော ဇာတ်ကားများမှာ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ၊ ရင်နင့်အောင်မွှေး၊ ကိုးဆယ်ဆ သာလိမ့်မယ်၊ အမေနှင့် သမီးများ၊ မိုးပေါ်ခုန်တက်ကလိုက်ချင်တယ်၊ ဓမ္မာသောက အင်းဝ ရာဇာ၊ ကျနော့်ချစ်သူပြောသော သူ့ချစ်သူ အကြောင်း၊ ဒီကောင် ဘယ်သူတုန်း၊ ဝင်္ကပါအခြစ်နှင့် သူ၏ ချစ်ကိုကိုချစ်၊ ကက်ကင်း တို့ဖြစ်သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=690:2009-02-06-11-42-31&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */