ထိုင်း-မြန်မာနယ်စပ် ကျောက်ဈေးကွက်ပျက်မှု မြန်မာကျောက်မျက်ဥပဒေနှင့်မဆိုင်

Thursday, December 11, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကျောက်မျက်ရတနာဈေးကွက် ပျက်သွားရခြင်းမှာ အမေရိကန် အစိုးရ မြန်မာ့ကျောက်မျက်ရတနာများ တင်သွင်းခွင့်ပိတ်ပင်ခြင်းဥပဒေနှင့် မသက်ဆိုင်ဘဲ ထိုင်း အာဏာပိုင်များ၏ မြန်မာကျောက်မျက်ရတနာ ကုန်သည်များအပေါ် ထားရှိသည့် တင်းကျပ်သော ကုန်သွယ်မှု သဘောထားများနှင့် လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ၏စီးပွားရေး ကျဆင်းမှုများကြောင့် ဖြစ်သည်ဟု ဝါရင့် မြန်မာ ကျောက်ကုန်သည် တဦးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက "မဲဆောက် ကျောက်မျက်ဈေးကွက် ပျက်သွားတာ ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံ စီးပွားရေးကျဆင်းတဲ့ အချိန်ကစပြီးဖြစ်တာပါ။ အမေရိကန်ပိတ်တာက (၂) နှစ်ပဲရှိသေးတယ်။ သူ့ကြောင့်တော့ မဟုတ်ဘူး။ ၁၉၉၇ ထိုင်း စီးပွားရေးပျက်ကတည်းက လူတွေက တန်ဖိုးကြီး ကျောက်မျက်ရတနာတွေကို ဝယ်တဲ့သူမရှိသလောက် ဖြစ်သွားတယ်။ အဲဒီ ထိုင်းစီးပွားရေးပြဿနာ မတိုင်ခင်က ဆိုလို့ရှိရင် မဲဆောက်ကျောက်ဝိုင်းမှာ မနက် မိုးလင်းတာနဲ့ ရောင်းသူဝယ်သူ ကြိတ်ကြိတ်တိုးပဲ။ တော်ရုံကျောက်ကုန်သည်တဦးဟာ တနေ့ကို ဘတ် လေး ငါးသိန်းလောက် ရောင်းရတယ်။ အခုတော့ တနေ့ငါးရာရဖို့ မလွယ်တော့ဘူး။ ကျောက်ဝိုင်းမှာလည်း လူမရှိ သလောက် ဖြစ်သွားပြီ။ အရင်ကဆို ထိုင်ဝမ်၊ ဂျပန်နဲ့ အနောက်နိုင်ငံကလူတွေ အများစု လာဝယ်ကြတယ်။ အဲဒီလူတွေလည်း အခုမလာတော့ဘူး။ လာရင်လည်း မတရားဈေးနှိမ်တော့ ရောင်းလို့ဝယ်လို့ အလုပ်မဖြစ် တော့ဘူး။ ဒီကျောက်မျက်နဲ့ ပတ်သက်ပြီးတော့ ထိုင်းမှာက ဖမ်းတာဆီးတာတွေ ရှိတယ်။ နောက်ပြီး မြဝတီ ကနေလာရင် တရက်ပဲနေထိုင်ခွင့်ပေးတယ်။ အဲဒါကြောင့် မဲဆောက်ကျောက်ဈေးကွက်ဟာ တရုတ်နိုင်ငံ ဘက်ကို ပြောင်းသွားတာ ဖြစ်တယ်ဟု” မဲဆောက်မြို့တွင် (၃၅) နှစ်ခန့် ကျောက်မျက်ရောင်းဝယ် ဖောက်ကားသူ ဦးစိုးက ပြောသည်။

မဲဆောက်ကျောက်မျက်ဈေးကွက် တရုတ်ပြည်ဘက်သို့ ရောက်ရှိသွားခြင်းနှင့် ပတ်သက်၍လည်း ထိုင်းစီးပွားရေး ကလည်း ကျရသည့်အထဲ ကုန်သည်များကိုလည်း တင်းကျပ်မှုများရှိသည့်အတွက် ကုန်သွယ်ခွင့် လွတ်လပ်မှု အများကြီးပေးထားသည့် တရုတ်ဘက်ကို လှည့်သွားခြင်းဖြစ်ကြောင်းပါ ရှင်းပြသည်။

မြန်မာနယ်စပ်မှ တရုတ်ပြည်သို့ ကျောက်သွားရောင်းလျှင် အနည်းဆုံး တပတ် နေထိုင်ခွင့်ပေးသည့်အပြင် မြန်မာကျောက်ကို အတိအလင်း သယ်သွား၍ရသည်ဟု ကုန်သည်များက ပြောသည်။ တရုတ်အာဏာပိုင်များက ထိုင်းအာဏာပိုင်များကဲ့သို့ ပစ္စည်းဖမ်းခြင်း၊ သိမ်းခြင်းတို့ မရှိသည့်အပြင် အချို့ဆိုလျှင် တရုတ်နယ်စပ်မြို့ ကြယ်ခေါင် ရွှေလီအထိ သွားရောက်ရောင်းကြသည်။

ပြီးခဲ့သည့် အိုလံပစ်ကာလတွင် မြန်မာကျောက်ကုန်သည်များ ပီကင်းအထိ ကျောက်သယ်သွားကြသည်ဟု စုံစမ်းသိရသည်။ အဆိုပါ အခွင့်အရေးမျိုး ထိုင်းနိုင်ငံတွင် မရှိသဖြင့် ကုန်သည်များ တရုတ်ပြည်ဘက် ရောက်ကုန်ခြင်း ဖြစ်သည်ဟု ကုန်သည်အပိုင်းက ယူဆသည်။

လွန်ခဲ့သည့် (၁၀) နှစ်ကျော်က ထိုင်းနိုင်ငံတွင် ကျန်ဘူလီမြို့နှင့် မဲဆောက်မြို့သည် တန်ဖိုးကြီးမြန်မာ ကျောက်မျက်များအား နိုင်ငံခြားသားအများစု လာရောက်ဝယ်ယူကြသည့် ကျောက်မျက်ဈေးကွက်ကြီးတခု ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်း မြို့နှစ်မြို့တွင် ကျောက်မျက်ဈေးကွက် အရောင်းအဝယ်မရှိသလောက် ဖြစ်သွားပြီဖြစ်သည်။

မြန်မာကျောက်ကုန်သည်တဦးဖြစ်သူ မစန်းက “ကျမတို့ထိုင်းကို ကျောက်သယ်တာ ကိုယ်ပိုင်ကျောက်တွေ ပါသလို၊ သူများကျောက်ကို ယူပြီးတဆင့် လာရောင်းပေးတာလည်း ပါတယ်။ မိုးကုတ်ကနေ မြဝတီအထိ ဒီကျောက်တွေကို ခိုးသယ်ရတယ်။ တချို့ဆို တန်ဖိုးကြီးကျောက်တွေကို ခန္ဓာကိုယ်မှာရှိတဲ့ ဒွါရအပေါက်တွေ ထဲမှာ ဝှက်ပြီးသယ်ရတာတွေလည်း ရှိတယ်။ မြန်မာဘက်က သိရင်လည်းဖမ်းတယ်။ ထိုင်းဘက်က သိရင်လည်း ဖမ်းတယ်။ အန္တရယ်သိပ်များတယ်။ တချို့ကုန်သည်တွေဆိုရင် ဖမ်းခံထိပြီး ဗမာပြည်ကိုလည်း မပြန်ရဲဘူး။ မဲဆောက်မှာပဲနေပြီး အဖိုးနည်းကျောက်တွေ ကီလိုချိန်နဲ့ရောင်းတဲ့ကျောက်တွေ ရောင်းဝယ်ပြီးတော့ ရပ်တည်နေရတဲ့သူတွေလည်း အများကြီးရှိတယ်။ ကျောက်လောကမှာ ဘဝပျက် သွားတဲ့သူတွေလည်း အများကြီးပဲ။ ဒါကြောင့် ခုနောက်ပိုင်းမှာ တရုတ်ပြည်ဘက်ကို လမ်းကြောင်း ပြောင်းသွားတာတွေ များလာတာဖြစ်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်ခန့်က မဲဆောက် ကျောက်မျက်ရတနာ ကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံ ကျောက်မျက်ရတနာ ကုန်သည်ကြီးများအသင်းတို့ ပူးတွဲပြီး ကျန်ဘူလီမြို့နှင့် မဲဆောက်မြို့ ကျောက်မျက် ဈေးကွက် များအား ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းအစီအစဉ် ဖြစ်ပေါ်လာခြင်းမရှိကြောင်း သိရှိရသည်။

မဲဆောက်မြို့မှ ကျောက်မျက်ရောင်းဝယ်သူ မအာမီနာက “ကျမတို့အရင်က သိန်းကျောက်တွေ ကိုင်တယ်။ ဆယ်နှစ်လောက်ရှိပြီ အဲဒီသိန်းကျောက်တွေ မကိုင်နိုင်တော့ဘူး။ ဝယ်တဲ့သူက မရှိတော့ဘူး။ အခုဆိုရင် ထောင်ဂဏန်းကျောက်လောက်ပဲ ရောင်းရတော့တယ်။ အဲဒါနဲ့တွဲပြီး အခုကျမရောင်းတဲ့ ကျောက်စိမ်းတွေဆိုရင် တလုံးကို ဆယ်ဘတ်၊ ဘတ်နှစ်ဆယ် အများဆုံး ဘတ်ငါးဆယ်တန်အထိရှိတယ်။ တချိန်တုန်းက တနေ့ကို သိန်းချီပြီးရောင်းရပေမယ့် အခုတော့ အလုပ်မရှိတော့ ဒီလိုပဲ မြန်မာကျောက်အဖျင်းတွေနဲ့ လုပ်ထားတဲ့ ကျောက်စိမ်းလက်ကောက်တို့၊ ပုတီးတို့၊ ဒီလိုအဖိုးနည်းတာတွေကိုပဲ ရောင်းရတော့တယ်။ တချို့ရက် ဈေးဦး မပေါက်တာတောင် ရှိတယ်။ မဲဆောက်ကျောက်ဝိုင်းကတော့ အရင်အခြေအနေနဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရတော့ဘူး”ဟု ပြောသည်။

ရန်ကုန်မြို့မှ မြန်မာကျောက်ကုန်သည်တဦးကလည်း “အမေရိကန်က မြန်မာကျောက်မျက်တွေကို ပိတ်ဆို့တော့ တရုတ်ပြည်ကနေလှည့်ပြီး နည်းအမျိုးမျိုးနဲ့တော့ သွားနေကြတာပဲ။ ထိရောက်မှု ဘယ်လောက် ရှိမလဲ ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး။ ရန်ကုန်မြို့မှာကတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံက သံတမန်တွေဟာ ရန်ကုန်မှာရှိတဲ့ အစိုးရပိုင် ကျောက်မျက်ရတနာဆိုင်မှာ ကျောက်သွားဝယ်တာတွေ အများကြီး ရှိတယ်။ အဲလိုပဲ အမေရိကန်အပါအဝင် သံတမန်မိသားစုဝင်တွေဟာ ဗိုလ်ချုပ်ဈေးမှာရောင်းတဲ့ တန်ဖိုးကြီး ကျောက်မျက်ရတနာတွေကို အများဆုံးသွားဝယ်ကြတယ်။ ဒါကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ဖြစ်လို့ ရဲရဲကြီး ပြောနိုင်တာ ဖြစ်တယ်။ ဒါကြောင့် ခေါင်ကမိုးယိုရင်တော့ တအိမ်လုံးစိုမှာပဲ။ ခေါင်က မိုးမယိုအောင်လုပ်ဖို့ အရေးကြီးတယ်။ အဲလိုမှမဟုတ်ရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

မဲဆောက်မြို့မှ ထိုင်းကျောက်မျက်ကုန်သည်တဦးဖြစ်သူ နိုင်ဆူလချိုင်းက “ကျောက်အရောင်းအဝယ် မလုပ်တာ ဆယ်နှစ်လောက်ရှိသွားပြီ။ မဲဆောက်မှာ ကျောက်မျက်ဈေးကွက် ပျက်သွားတာကြာပြီ။ အခုရွှေဆိုင်ပဲ ဖွင့်ထားတယ်။ ရွှေကကျောက်မျက်လို မာယာများတဲ့ လောကမဟုတ်ဘူး။ ဝယ်ရောင်းရုံပဲ။ သတ်မှတ်ချက်ဈေးရှိ တယ်။ ထိုင်းမှာ ကျနော်သိရသလောက် လူတွေက ကျောက်မျက်ရတနာတွေကို အရင်လို မဝယ်ကြတော့ဘူး။ အရင်က ထိုင်းလူမှု အသိုင်းအဝန်းမှာ ကျောက်မျက်ရတနာတွေကို တံစိုးလက်ဆောင်အဖြစ် ပေးကြပေမယ့် အခုကျတော့ လူတွေက အဲဒါထက်စာရင် နောက်ဆုံးပေါ် ကားတို့၊ လျှပ်စစ်ပစ္စည်းတို့၊ ကွန်ပျူတာတို့၊ ဖုန်းတို့၊ အဲဒီဘက်ကို ပိုပြီးစိတ်ဝင်စားမှုတွေ များလာတဲ့ အနေအထား ဖြစ်သွားပြီ” ဟု ပြောသည်။

လက်ရှိ မဲဆောက်ကျောက်ဝိုင်းတွင် အရောင်းအဝယ် ခြောက်ကပ်လျက်ရှိပြီး တန်ဖိုးနည်း ကျောက်များကို ရောင်းချသည့် သူများသာရှိပြီး ဝယ်လက်မရှိဖြစ်ကာ ကျောက်ဝိုင်းတွင် ပွဲစားများသာ ခြေချင်းလိမ်နေသည်ဟု မြန်မာပွဲစားတဦးက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */