မြန်မာအစိုးရပိတ်ထားသည့် ထိုင်းကုန်စည်များ လစဉ် ဘတ်သန်း (၃,၀၀၀) ဖိုး ခိုးသွင်း

Monday, December 15, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနှင့်ထိုင်း သဘောတူညီ ထားသည့် တနိုင်ငံမှတနိုင်ငံသို့ တင်သွင်းခွင့်မပြုသော ကန့်သတ်ကုန်များအား နှစ်ဘက်ကုန်သည်များက အာဏာပိုင်များနှင့်ပေါင်းကာ တရားမဝင် နည်းလမ်းများဖြင့် အပြန်အလှန်တင်သွင်းလျက်ရှိသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်များအရ မြန်မာဘက် မှ ပိတ်ပင်ထားသည့် ထိုင်းကုန်စည် များမှာ စားအုန်းဆီ၊ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံ၊ အဖျော်ယမကာ၊ သစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်များ ပါဝင်ပြီး ထိုင်းဘက်မှ ပိတ်ပင်ထားသည့် မြန်မာထုတ်ကုန်များမှာ လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲ၊ ဆန်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ မြေပဲ၊ နှမ်းနှင့် ဆေးရွက်ကြီးတို့ပါဝင်သည်။

ထိုင်းကုန်သည်တဦး၏ အဆိုအရ “ကျနော်တို့ ထိုင်းဘက်မဲဆောက်ကနေ ရန်ကုန်ကိုအချိုရည်မျိုးစုံနဲ့ မုန့်မျိုးစုံ၊ ဘီယာမျိုးစုံနဲ့ စားအုန်းဆီတွေ ပုံမှန်တင်သွင်းပါတယ်။ ဒီသုံးလအတောအတွင်းမှာတော့ ထိုင်းဘက်တင်သွင်းတဲ့ ဘီစကစ်မုန့်ပုံးတွေ၊ အခြားမုန့်တွေ၊ သုံးချိုးတချိုးလောက် အရောင်းတက်လာတယ်။ ဗမာကုန်သည်တွေ ပြောတာက ဗမာပြည်မှာ တရုတ်က လုပ်တဲ့ ဘီစကစ်တွေဟာ မယ်လမင်းပါတဲ့ နို့မှုန့်နဲ့လုပ်ထားလို့ စားတဲ့ လူနည်းသွားပြီး ထိုင်းဘီစကစ်တွေကို အစားထိုး ကြတယ်လို့ပြောတယ်။ ထိုင်းကမုန့်တွေ၊ အချိုရည်တွေလည်း ဒီအတိုင်းပါပဲ။ ကုန်သည်တွေ ပိုဝယ်ကြတယ်။ အချိုရည်လိုင်း မှာလည်း တရုတ်အချိုရည်ထက်စာရင် ထိုင်းက သွင်းတဲ့ စပရိုက်၊ ပက်ပစီ၊ ကိုကာကိုလာ၊ လိမ္မော်ရည်၊ ဖင်တာအနီနဲ့ အစိမ်းတွေကို သံဘူးရော၊ ကော်ဘူးရော ရောင်းအား တက်လာတယ်။ ထိုင်းဘီစကစ်ထဲမှာ ဆီးချိုသမားစားတဲ့ ဘီစကစ်ဟာလည်း ရောင်းအားတက် လာတယ်” ဟု ပြောသည်။

မဲဆောက်မြို့မှ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံနှင့် ဘီယာသံဘူးမျိုးစုံ၊ မြန်မာဘက်သို့ တင်သွင်းသည့် လုပ်ငန်းကြီးတခုမှ မြန်မာ မန်နေဂျာတဦးက “မယ်လမင်းပြဿနာ မဖြစ်ခင်ကတော့ မြဝတီဘက်ကို တနေ့ကို ဟိုင်းလက်ကား လေးစီးလောက်ပဲပို့ရတယ်။ အခု ခုနှစ်စီးစာလောက် နေ့တိုင်းပို့နေရတယ်။ ကျနော်တို့လို မဲဆောက်က လုပ်ငန်း တူတွေ ပို့တာပါဆိုရင် တနေ့ကို ဟိုင်းလက်ကား အစီးနှစ်ဆယ်လောက်ရှိတယ်။ အချိုရည်နဲ့ မုန့်ကတော့ ဒီအတော အတွင်းမှာ ကုန်သည်တွေ ပစ္စည်းအမှာ ပိုများတယ်” ဟု ပြောသည်။

တင်သွင်းခွင့်ပိတ်ပင်ထားသည့် ထိုင်းကန့်သတ်ကုန်များကို ထိုင်းဘက်ကမ်း အမှတ် (၁) ဂိတ်မှ စက်လှေများဖြင့် သယ်ယူပြီး မြဝတီဘက်ခြမ်းသို့ ပို့ဆောင်ကာ မြန်မာဘက်တွင် ရှိသည့် အသင့်စောင့်ဆိုင်းနေသည့် ကားကြီး ကားငယ်များဖြင့် သယ်ဆောင်ကာ ရန်ကုန်အပါအဝင် မြန်မာပြည်အတွင်းပိုင်း မြို့များသို့ ဂျူတီဆောင်စရာမလိုပဲ အာဏာပိုင်များနှင့်ညှိကာ သယ်ယူကြရသည်ဟု သိရှိရသည်။

ရန်ကုန်မြို့မှ ကုန်သည်တဦးကလည်း “စားအုန်းဆီဆိုရင် တရက်ခြား တန် (၅၀) မြဝတီဘက်ကို ထိုင်းဘက်ကမ်း အမှတ် (၁) ဂိတ်ကနေ ပို့တယ်။ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံနဲ့ ဘီယာသံဘူးတွေကိုလည်း အဲဒီဂိတ်ကပဲပို့တယ်။ အဲဒီဂိတ်ကနေပဲ မြန်မာဘက်ကို ခိုးသွင်းပြီး ရန်ကုန်ဈေးကွက်ကို ပို့ရတယ်။ ကားတန်းတရက်ခြား တန်ချိန်ရာနဲ့ ချီပြီး သွင်းကြတယ်။ နှစ်နိုင်ငံစလုံး ကန့်သတ်ကုန်တွေ သတ်မှတ်ထားပေမယ့် နှစ်ဘက်အာဏာပိုင်တွေက ဒီလိုပဲ မီးစိမ်းပြထားတော့ သူလည်းအကျိုးရှိ၊ ကိုယ်လည်းအကျိုးရှိတယ်။ ဒီလိုမှမလုပ်ရင် ဒီခေတ်မှာမလွယ်ဘူး” ဟု ပြောသည်။

မြန်မာလယ်ယာထွက်ကုန်များကို တင်သွင်းခွင့်ကန့်သတ်ထားသည့် ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင်လည်း မြဝတီမှတဆင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ အာလူး၊ ဆန်၊ ငရုတ်များကိုလည်း မြန်မာကုန်သည်များက တရက်ခြား တန်ချိန်ရာဂဏန်းအထက် တရားမဝင်တင်သွင်းကြပြီး ထိုင်းကုန်သည်များက ထိုင်းနိုင်ငံ အတွင်းပိုင်းရှိ ဘန်ကောက် နှင့် အခြားမြို့ကြီးများသို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ဖောက်ကားကြသည်။

မြန်မာဘက်မှ တင်သွင်းခွင့်ပိတ်ပင်ထားသည့် ထိုင်းသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကိုလည်း မြန်မာ ကုန်သည်များက ကားတန်းတရက်ခြား မဲဆောက်-မြဝတီ-မော်လမြိုင်လမ်းကြောနှင့် မဲဆောက်-မြဝတီ-ကော့ကရိတ်-ဘားအံ-သထုံ-ကျိုက်ထို-သိမ်ဇရပ် မြို့များအထိ သယ်ဆောင် ရောင်းချကြသည်ကို ပြည်တွင်းထုတ် ဂျာနယ်အချို့တွင် နယ်သတင်းအဖြစ် ရေးသားဖော်ပြကြသည်။

တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မဲဆောက်-မြဝတီလမ်းကြောမှာ မြန်မာဘက်သို့ လစဉ် ထိုင်းဘတ်ငွေ သန်း (၁) ထောင်ခန့် ကုန်သွယ်မှုပြုလုပ်နေသည်ဟု ဖော်ပြထားသော်လည်း ထိုင်းလုပ်ငန်းရှင်တဦး၏အဆိုအရ လစဉ်မြန်မာဘက်သို့ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းမှ ဘတ်သန်း (၃) ထောင်ခန့် ကုန်စည်တင်ပို့မှုများရှိသည်ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေးတွင် တဘက်နှင့်တဘက် ကန့်သတ်ချက်များ အမျိုးမျိုးရှိနေသော်လည်း တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံအာဏာပိုင်များ ပါဝင်ပတ်သက်မှု ရှိနေသေးသမျှ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းမှာ ဆက်လက် ကြီးထွားနေမည်သာ ဖြစ်သည်ဟု နှစ်ဘက်ကုန်သည် အများစုက ယူဆကြသည်။ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ကုန်ပစ္စည်းများ ပို့ဆောင်မှုနှင့် တင်သွင်းမှုများအား မြဝတီနှင့် ကော့ကရိတ်မြို့တို့တွင် စစ်ဆေးရေးစခန်းများ ဖွင့်လှစ်၍စိစစ်ဆောင်ရွက်မှုများ နေ့ညမပြတ် လုပ်ဆောင်နေသော်လည်း တရားမဝင် ကုန်သွယ်မှုမှာ လျော့နည်းသွားခြင်းမရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၀၆-၂၀၀၇ တွင် သွင်းကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ (၂.၆၅၉) ဘီလီယံရှိခဲ့ပြီး ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၄၀၉) ဘီလီယံရှိသည်။ ၂၀၀၇-၂၀၀၈ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၂၀၅) ဘီလီယံရှိနေပြီး ယင်းမှ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၈၂၃) ဘီလီယံဖြစ်ကာ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၃၈၂) မီလီယံ ရှိကြောင်း နယ်စပ်ကုန်သွယ်ရေး မှတ်တမ်းများအရ သိရှိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */