စည်သူ | ရွေးကောက် အပြီးတွင် ပေါ်ပေါက်လာမည့် လွှတ်တော် အသီးသီး၌ ရုံးအဖွဲ့တာဝန်များ အတွက် စစ်သားများကို ခန့်အပ်ရန် စီစဉ်နေကြောင်း စစ်တပ်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
“အခု လတ်တလော ကြားတဲ့ သတင်း အရ အရာခံဗိုလ်၊ ဒုအရာခံဗိုလ်၊ တပ်ကြပ်အဆင့်ရှိတဲ့သူတွေ၊ ရုံးလုပ်ငန်း အတွေ့အကြုံ ရှိတဲ့ သူတွေကို လွှတ်တော်တွေမှာ ရုံးအဖွဲ့တာဝန် ပေးလိမ့်မယ်။ အရပ်ဘက်က လူတွေက ရုံးအဖွဲ့ လုပ်ငန်း အတွေ့အကြုံ မရှိလို့ ဒီလို လုပ်တာလို့ ပြောတယ်” ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာခံဗိုလ်တဦးက ပြောသည်။
ထိုသို့ ရွေးချယ် ခန့်ထားမည့် သူများသည် ဘွဲ့ရ၊ စစ်သက်အနည်းဆုံး ၅ နှစ်ရှိသူ၊ အနည်းဆုံး တပ်ရင်းမှူး အဆင့်ရှိသူ၏ ရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်ရမည်ဟု သိရသည်။

“တပ်ကထွက်ပြီး လွှတ်တော်တွေမှာ တာဝန် ထမ်းဆောင် ရမှာလား၊ ဒါမှမဟုတ် အရပ်ဘက်နဲ့ တွဲမှာလား ဆိုတာ သေချာ မသိသေးဘူး” ဟု အဆိုပါ အရာခံဗိုလ်က ဆက်လက်ပြောကြားသည်။
အောက်တိုဘာလ အတွင်းတွင် လွှတ်တော်များ၌ တာဝန် ထမ်းဆောင်မည့် စစ်သားများကို ရွေးချယ်ကာ သင်တန်း ပေးရန် စီစဉ် နေကြောင်းလည်း တပ်မ (၉၉) မှ တပ်ရင်းမှူး အဆင့်ရှိသူတဦးက ဆိုသည်။
“အဲဒီလို တပ်က စစ်သားတွေကို ရုံးအဖွဲ့မှာ တာဝန်ပေးမယ် ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့ကိုလည်း စိတ်ချရတဲ့ စစ်သားတွေကို ရွေးပေးဖို့ အမိန့် ပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်အစိုးရသည် အာဏာတည်မြဲရေး အတွက် ရွေးကောက်ပွဲကို တင်းကြပ်သည့်အပြင် ရွေးကောက်ပွဲ အလွန် လွှတ်တော်များတွင်လည်း စစ်တပ်အတွင်းမှလူများ ဆက်ရှိနေစေရန် စီမံခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ နိုင်ငံရေးအကဲခတ်တဦးက ပြောသည်။
“ကြံဖွံ့ပါတီပဲ မဲဆန္ဒနယ် ၅၀၀ လောက်မှာ ပြိုင်ဘက် မရှိနိုင်တော့မှာပဲ။ ဒီလိုကိစ္စတွေ အထိ တပ်က အုပ်စီးတယ် ဆိုတာ မြန်မာ့ ဒီမိုကရေစီရေး အတွက် ရင်လေး မိပါတယ်” ဟု ဆိုသည်။
source by : ဧရာဝတီ

0 comments:
Post a Comment