နရီလင်းလက် | ရန်ကုန်မြို့တွင်း စက်မှုဇုန်များရှိ အရက်ချက် စက်ရုံများမှ စွန့်ထုတ် လိုက်သည့် ရေဆိုး ရေညစ်များကို စနစ်တကျ စွန့်ထုတ်ခြင်း မရှိဘဲ နီးစပ်ရာ မြစ်ချောင်းများတွင် စည်းကမ်းမဲ့ စွန့်ထုတ်မှု ပိုမိုများပြား လာကြောင်း သိရသည်။
ရေဆိုးများ စွန့်ထုတ်သည့် လှိုင်သာယာ စက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်သည် လှိုင်မြစ် အနီးတွင် တည်ရှိသည်။
အရက်ချက် စက်ရုံ အများစုသည် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန် အတွင်း တည်ရှိကြပြီး စွန့်ပစ် ရေများကို ယင်း စက်မှု ဇုန်အနီးရှိ မြစ်ချောင်း များတွင် အလွယ်တကူ စွန့်ပစ် ကြသည်ဟု ရွှေပြည်သာ စက်မှုဇုန် စားသောက်ကုန် လုပ်ငန်း အုပ်ချုပ်ရေး ဌာနတွင် လုပ်ကိုင် နေသူ အမျိုးသမီး တဦးက ပြောဆိုသည်။
“လှိုင်သာယာ စက်မှုဇုန်က ထွက်တဲ့ ရေဆိုးတွေ အကုန်လုံး လှိုင်မြစ်ထဲ ရောက်ကုန်တာ။ အာဏာပိုင်တွေက တခုတလေ စက်မှု ဇုန်တွေ လိုက်ကြည့်ရင် လှိုင်သာယာ ဇုန်ထဲကို လာတာများတယ်။ ပြည်ပ က လူတွေလာရင်လည်း ခေါ်လာပြ တာတွေ ရှိတော့ ဒီလောက် မဆိုးဘူး။ ရွှေပြည်သာ စက်မှုဇုန်ကကျတော့ စက်ရုံနားက မြောင်းရေတွေက အရက်ရောင်တွေ ပေါက်နေပြီး အရက်နံ့တွေပါ ပတ်ဝန်းကျင်က လူတွေက ရှုနေရတယ်”ဟု ၎င်းက ပြောသည်။

ယခင်က သစ်ထုတ်လုပ်ရေး စက်ရုံများအတွက် ရည်ရွယ်၍ မြစ်ကမ်းနှင့် နီးသည့် နေရာကို ရွေးချယ်ကာ စက်မှုဇုန်တည်ခဲ့ သော်လည်း လက်ရှိတွင်မူ သစ်ထုတ်လုပ်မှု လုပ်ငန်းများနည်းပါးလာပြီး ရေသန့်၊ အစားအသောက်နှင့် အရက် စသည့် ကုန် ပစ္စည်းထုတ်လုပ်သည့် စက်ရုံများက ပိုမိုများပြားကြောင်း သိရသည်။
“အခုလက်ရှိမှာ အရက်ချက်စက်ရုံတွေက လိုတာထက် ပိုများလာတယ်။ အဲဒီကထွက်တာတွေ အကုန်လုံး တခြားနေရာ မသွားဘူး မြစ်ထဲပဲပစ်တာ။ ရေဆိုး လှောင်တဲ့ ကန်ရှိပေမယ့် ကန်ကို သန့်စင်ဖို့ ၊ ရေဆိုးတွေလာသယ်ပေးဖို့ ဒီအတွက် ခဏ ခဏ မလုပ်နိုင်ဘူး။ ပိုက်ဆံ အကုန် အကျများတာလည်း ပါတယ်။ စည်ပင်က စည်းကမ်းမဲ့ ပစ်ရင် ဥပဒေအရ ပုဒ်မ ဘယ် လောက်နဲ့ အရေးယူမယ် ပြောပေမယ့် သူတို့ ဘက်ကလည်း ချို့ယွင်းချက်တွေ ရှိနေတာလည်းရှိတော့ အရေးယူတာတွေ မလုပ်သေးဘူး”ဟု အကြီးဆုံး အရက် ထုတ်လုပ်သည့် ကုမ္ပဏီ တခုမှ ထုတ်လုပ်ရေး မန်နေဂျာက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ ရေဆိုးရေညစ်များစွန့်ပစ်ရန် စက်မှုဇုန်များ သို့ တပတ်နှစ်ကြိမ်ခန့်သတ်မှတ်ထားသော်လည်း ပုံမှန်လာရောက်ခြင်းမရှိဟု သူက ပြောသည်။
စည်းကမ်းမဲ့ စွန့်ပစ်မှုများကို မည်သို့ အရေးယူသွားမည်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနမှ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။
“သဘာဝ ပတ်ဝန်းကျင် အနေနဲ့ ရေဆိုးရေညစ်တွေကို ချောင်းထဲ ပစ်တာက ရေသတ္တ၀ါတွေ ကိုထိခိုက်စေသလို၊ ရေဆိုး ရေညစ် ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက လေထုညစ်ညမ်းစေတယ်။ ဒါတွေကို ရှုမိတဲ့ လူတွေအတွက် တော်တော် အန္တရာယ် ရှိတယ်”ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံဖြိုး တိုးတက်ရေး နှင့် ထိန်းသိမ်းရေး အသင်း ( FREDA ) အဖွဲ့မှ ဦးအုန်းက ပြောသည်။
ငွေကြေးကုန်ကျမှု များသော်လည်း ထိထိရောက်ရောက်ပြုလုပ်ပေးနိုင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ် ကိုင် သင့်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျန်းမာရေးထိခိုက်စေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါတဲ့ လေကို ရှုမိတာ ကြာလာရင် အဆုတ် ရောဂါအပြင် တခြား ဆက်နွယ်တဲ့ ရောဂါတွေပါ ဖြစ်လာစေနိုင်တယ်။ ဥပမာ- အရက်ပြင်း ချက်တယ်ဆို ဒီအထဲမှာထည့်တဲ့ ဓာတုဗေဒက ပုံမှန် ထက် အဆနည်းနည်းပိုရမယ်၊ အဲဒီကထွက်တဲ့ စွန့်ပစ်ရေမှာ ဓာတုဗေဒ အဆိပ်အတောက်တွေ များများပါမယ်။ ဒီတော့ လူတွေ ပိုထိခိုက်လာနိုင်တယ်”ဟု ကျန်းမာရေး သုတေသန ဌာနမှ ဆရာဝန်ကြီးတဦးက ပြောပြသည်။
ရန်ကုန်မြို့တွင် နာမည်ကြီး Grand Royal အမှတ်တံဆိပ် အပါအ၀င် ထုတ်လုပ်ရောင်းချနေသည့် အရက်ချက်စက်ရုံ ၃၀၀ ခန့် ရှိသည်ဟုလည်း ဆိုသည်။
အရက်ပြင်း လီတာ ၁ သောင်း ထုတ်လုပ်ပါက စွန့်ပစ်ရေ လီတာ ၁ သိန်း ခန့်ရှိသောကြောင့် စွန့်ပစ်သည့် မြစ်၏ အရည် အသွေး ကျဆင်းခြင်း၊ မြစ်ကြောင်း ကျဉ်းလာခြင်းများဖြစ်ပေါ်လာကြောင်း အထက်ပါ ဆရာဝန်ကြီးက ပြောသည်။
ရေနှင့် ရေဆိုးရေညစ် သန့်စင်ရေး စနစ်၊ အရည်အသွေး၊ လေထုညစ်ညမ်းမှု၊ သစ်တောစသည့် ကဏ္ဍများတွင် ၂၀၁၀ ပြည့်နှစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် အဆင့် ၁၁၀ တွင် ရှိကြောင်း သိရသည်။
source by : ဧရာဝတီ

0 comments:
Post a Comment