NEJ | ယခုနှစ် နွေရာသီတွင် အပူချိန်မြင့်တက်မှုကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ကာ မော်လမြိုင်မြို့နှင့် ဒလမြို့တို့တွင် ရေအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဝီစိတွင်းများ ရေဆုတ်ကာ စုပ်ယူမရ ဖြစ်နေသည့် အပြင် မီးမလာ၍ ရေပိုက်များမှလည်း ရေလုံးဝ မလာတော့သဖြင့် ရေ၀ယ်သုံးနေရကြောင်း မော်လမြိုင်မြို့၊ မရမ်းကုန်း ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။
၎င်းက “ကျနော်တို့ အနားက ငွေမိုး ဟိုတယ်က တူးထားတဲ့ အဝီစိတွင်းဆို ရေမထွက်တော့ဘူး။ အနီးနားက အဝီစိတွင်း အတော်များများလည်း ရေတွေ ခန်းတယ်။ တချို့ ငွေရှိသူတွေကတော့ ဆက်ပြီး တူးကြတယ်။ မြေနိမ့်ပိုင်း ရေထွက်နေသေးတဲ့ အဝီစိတွင်းကနေ လှည်းနဲ့တွန်းပြီး ရောင်းတာကို လူတွေက ဝယ်သုံးရတယ်။ ရေတစည်ကို ကျပ် (၈ဝဝ) ကနေ ကျပ် (၁,ဝဝဝ) အထိ ပေးရတယ်” ဟု ပြောသည်။

အောက်လမ်းမကြီးတွင် နေထိုင်သူတဦးကလည်း မော်လမြိုင်မြို့တွင် မီးလုံးဝ မလာသဖြင့် တောင်ဝိုင်း ကင်မွန်းခြုံ ရေကန်မှ သွယ်တန်းထားသည့် ပိုက်မှ ရေမလာသည်မှာ ကြာပြီဖြစ်ပြီး ရေသယ် ရောင်းသည့် ကားများမှ ရေဝယ်ရကြောင်း ပြောသည်။
၎င်းက “ရေကားတစီးကို ကျပ် (၁၃,ဝဝဝ) ပေးရတယ်။ ရေကားတကြိမ်ရဖို့ (၃) ရက်လောက် ကြိုတင်ပြောရတယ်။ မိသားစုတစု ချွေချွေတာတာ သုံးရင် (၁ဝ) ရက်လောက်တော့ သုံးနိုင်တယ်။ သောက်ရေ သုံးရေအတွက် ငွေသုံးရတဲ့ ပမာဏ ပိုများလာနေတယ်” ဟု ပြောသည်။
မော်လမြိုင်မြို့သည် ပြီးခဲ့သည့် (၃-၄) လခန့်ကတည်းက လျှပ်စစ်မီး မရသလောက် ဖြစ်နေပြီး တကြိမ်ပျက်ပါက (၁၃) ရက်မှ (၁၅) ရက်ခန့်အထိ ကြာမြင့်ကြောင်း၊ တခါတရံ ညသန်းခေါင် အချိန် မီးလာပါကလည်း (၁၅) မိနစ်ပင် မကြာဘဲ လာလိုက် ပျက်လိုက် အကြိမ်ကြိမ် ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
မော်လမြိုင် စည်ပင်သာယာကမူ မီး ဆိုးဆိုးရွားရွား ပျက်နေသဖြင့် ရေပိုက်ထဲကို ရေမတွန်း ပေးနိုင်၍ ရေမရခြင်း ဖြစ်သည်ဟုသာ ပြောဆိုပြီး ရေအခက်အခဲကို သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းမပေးသဖြင့် ပြည်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်မှ ရပ်ကွက်အများစုသည် ရပ်ကွက်အလိုက် တူးထားသည့် ရေတွင်းရေကန်များနှင့် အဝီစိတွင်းရေတို့မှတဆင့် ရေကို အဓိကထား သုံးစွဲကြရခြင်းဖြစ်သည်။
အလားတူ ဒလမြို့တွင်လည်း နွေရာသီအပူရှိန်ကြောင့် သောက်သုံးရေကန်များ ရေခန်းခြောက်လျက်ရှိပြီး ဒေသခံများ သောက်သုံးရေ ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။
ဒလမြို့ရှိ အောင်မင်္ဂလာဈေးကန်တွင် ယခင်က တနေ့နှစ်ကြိမ် သောက်သုံးရေ ခပ်ခွင့်ပြုထားသော်လည်း ယခု တနေ့တကြိမ်သာ ခပ်ခွင့်ပေးကြောင်း အဆိုပါ ရပ်ကွက်နေသူတို့က ပြောသည်။
“ကန်ညီနောင် ကန်ရေလည်း ခန်းသွားပြီ။ ကန်တွေက နှစ်စဉ် မဖော်တော့ မြေသားတွေတက်ပြီး ကန်တချို့ ပျက်စီးကုန်တယ်။ တမြို့လုံးဆို ကန်ပျက် (၁၀) ခု အနည်းဆုံးရှိမယ်” ဟု ဗိုလ်ရန်ပြေ ရပ်ကွက်သား တဦးက ပြောသည်။
ဒလမြို့သည် အ၀ီစိတွင်း တူးဖော်၍ ရသော်လည်း သံချေးဓာတ် ရှိသည့် အပြင် အငန်ဓာတ် ပါဝင် နေခြင်းကြောင့် သောက်သုံးရန် မသင့်ကြောင်း၊ ဒလမြို့ စည်ပင်သာယာ ရုံးသို့ ငွေ (၂) သိန်းခန့် ပေးသွင်းမှ ပိုက်သွယ် ပေးဝေသည့် ရေသည်လည်း ချိုးရေ အဖြစ်သာ အသုံးပြု၍ရကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ဒလမြို့လူထုသည် သောက်သုံးရေ အတွက် ကန်ရေကိုသာ အားပြုသုံးစွဲနေရခြင်းဖြစ်သည်။
လောလောဆယ်တွင် ဒလမြို့ရှိ AMI လူမှုအဖွဲ့အစည်းက မြို့လူထု၏ သောက်သုံးရေ အခက်အခဲ အတွက် ရေကန် သစ်ဖော်၊ အဟောင်းများ ပြုပြင်ကာ သောက်ရေကန်များကို လက်ဆွဲ တုံကင် တပ်ဆင် ပေးထားပြီး ရေကို လူတယောက် တပုံးနှုန်း အလှည့်ကျစနစ်ဖြင့် ကူညီ ဆောင်ရွက် ပေးနေကြောင်း ဘုရင့်နောင် ရပ်ကွက်သား တို့က ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment