စိုးမိုး | မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သည့် အိမ်ရာနှင့် အသက်မွေး ၀မ်းကျောင်းလုပ်ငန်း ကဏ္ဍများတွင် ရန်ပုံငွေလိုအပ်ချက် မြင့်မားဆဲဖြစ်ကြောင်း သုံးပွင့်ဆိုင်အဖွဲ့က ယမန်နေ့၌ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာမည့် ဇူလိုင်လတွင် ရပ်နားပြီး နအဖစစ်အစိုးရ၊ ကယ်ဆယ်ရေးနှင့် နေရာချထားရေး ၀န်ကြီးဌာနသို့ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ရမည့် ကုလသမဂ္ဂ၊ အာဆီယံနှင့် စစ်အစိုးရတို့ ပူးပေါင်းထားသည့် သုံးပွင့်ဆိုင်အဖွဲ့က နာဂစ် မုန်တိုင်းလွန်ကာလ (၂)“အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်းတို့တွင် ရန်ပုံငွေ ပိုမိုလိုအပ်နေပါသည်” ဟု စစ်တမ်းကောက်ယူထားသည့် အချက်အလက်များကို ကိုးကားပြီး သုံးပွင့်ဆိုင်အဖွဲ့က နာဂစ်အလွန် လစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
နာဂစ်အတွင်း ပျက်ဆီးဆုံးရှုံးခဲ့သည့် အိုးအိမ်အရေအတွက် (၇) သိန်းခွဲအနက် ထက်ဝက်ကျော်မှာ နာဂစ်လွန်ကာလ (၂) နှစ်ပြည့်တော့မည့် ယခုအချိန်တိုင်အောင် ပြန်လည်တည်ဆောက် ပြင်ဆင်မွမ်းမံပေးရန် လိုအပ်နေဆဲဖြစ်ပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ သန်း (၁၅၀) နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း (၁၅၀) ခန့် လိုအပ်ကြောင်း သုံးပွင့်ဆိုင်အဖွဲ့က ခန့်မှန်းသည်။
အစီရင်ခံစာတွင် အိုးအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ထောက်ပံ့စောင့်ရှောက်ရေး ကဏ္ဍတို့အတွက် လိုအပ်ချက်များကို စစ်တမ်းကောက်ယူ ဖော်ပြထားသည်။
ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း (၁၃၀)၊ သောက်သုံးရေအတွက် အမေရိကန်ဒေါ်လာ (၁၇) သန်း၊ အမျိုးသမီးများနှင့်ကလေးများ ကာကွယ်စောင့်ရှောက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း (၂၀) လိုအပ်နေကြောင်း သုံးပွင့်ဆိုင်အဖွဲ့က တင်ပြထားသည်။
ဖျာပုံမြို့အခြေစိုက် ပြည်တွင်းအန်ဂျီအိုတခု၏ တာဝန်ခံဖြစ်သူက “အသက်မွေးဝမ်းကျောင်းအတွက် အတော်ကိုလိုပါတယ်။ ဥပမာ တံငါသည်၊ ဆားလုပ်ငန်းရှင် စသဖြင့်ပေါ့ဗျာ။ သူတို့က အလုပ်လက်မဲ့ထဲလည်း မပါတော့ Food for Work အစီအစဉ်ထဲလည်း မပါဘူး။ ထောက်ပံ့ကြေး မရဘူး။ ငွေချေးတာလည်း မရှိဘူးဗျာ” ဟု ဆိုသည်။
လာမည့်ဇူလိုင်လတွင် သုံးပွင့်ဆိုင်အဖွဲ့က နာဂစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအားလုံးကို နအဖစစ်အစိုးရလက်ထဲသို့ အပြီးလွှဲအပ်ရမည်ဖြစ်ရာ နိုင်ငံတကာထောက်ပံ့ကြေး ရန်ပုံငွေ လျော့ကျသွားဖွယ်ရှိကြောင်းလည်း ၎င်းက ခန့်မှန်းသည်။
“အခုက အင်တာနေရှင်နယ် အန်ဂျီအိုတွေ ထွက်ကုန်ပြီလေ။ ဆောက်လုပ်ရေးတွေ မရှိတော့ဘူး။ နောက် WFP (ကုလသမဂ္ဂ စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်) မရှိတော့ဘူး။ ကျန်တာဆိုလို့ အစိုးရ ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရှိမယ်။ အရင် ပရောဂျက်ကာလ လက်စသတ်နေတဲ့ ပြည်တွင်း အန်ဂျီအိုတွေ ရှိမယ်။ ရန်ပုံငွေ အခက်အခဲ ဖြစ်လာမှာတော့ သေချာတယ်” ဟု ဖျာပုံအခြေစိုက် ပြည်တွင်းအန်ဂျီအို တာဝန်ခံက သုံးသပ်ပြောကြားသည်။

source by :NEJ

0 comments:
Post a Comment