မိုးမခ အထောက်တော် | နှစ်စဉ် သင်္ကြန်မတိုင်မီ ၁၀ရက် ၀န်းကျင်နှင့် သင်္ကြန်အပြီး တပတ်ခန့် အတွင်း ရထားလက်မှတ်များ၊ ကားလက်မှတ်များ၏ ဈေးနှုန်းကို ၂ ဆမှ ၇ ဆခန့်ထိ မြင့်တက်ကုန်သည့် အတွက်ကြောင့် မိသားစု ဆုံတွေ့ရန်၊ မိမိ ဇာတိ မြို့ရွာများသို့ ပြန်မည့်သူများ ယခုနှစ်လည်း ထိုအခက် အခဲများကို ကြုံတွေ့ နေရသည်။
မိဘ ဆွေမျိုးများ ရှိရာ မန္တလေးမြို့သို့ ပြန်မည့် ကုမ္ပဏီ ၀န်ထမ်း တဦးက ပြောရာတွင် “မနက်စောစော ၅နာရီလောက် ရန်ကုန်ဘူတာကြီး လက်မှတ် ရောင်းတဲ့ နေရာ သွားတန်းစီတယ်။ ၀င်းတံခါး ဖွင့်တော့ ပြေးဝင်ကြတာ အထူးတန်း လက်မှတ် ရောင်းတဲ့ သံတန်းခွင်ထဲကို ရောက်တဲ့ အထိ နေရာ ရတယ်။ ကိုယ့် ရှေ့မှာ ၀ယ်သူ` ၁၀ယောက် ၁၅ယောက် ကျော်ရှိတယ်။ နံနက် ၇ နာရီ လက်မှတ် ရောင်းတော့ ရထား တစ်စီးလုံး အတွက် ၃၈ စောင်ပဲ ရောင်းတယ်။ နောက် တစ်စီးကျတော့ အစောင်ရေ ၄၀ လောက်ပဲ ရောင်းတယ်။ အဲလို ဆိုတော့ တန်းစီတဲ့ သူတွေ ရှေ့မှာ ဘုန်းတော်ကြီးတွေ၊ အသက် ၇၀ ကျော်တဲ့သူတွေ တန်းစီစရာ မလိုပဲ ၀ယ်လို့ရတော့ အဲဒီအတွက် ရောင်းပေး လိုက်တော့ တန်းစီတဲ့သူ ၃ဦးလောက်ရောင်းတဲ့ အချိန်မှာ ၁၂ စောင်ပဲ ကျန်တော့တယ်။ ဒါနဲ့ပဲ မရခဲ့ဘူး။ ရထား တစ်စီးလုံး ၁၀ တွဲကျော်ရှိတာ လက်မှတ် ၃၀ ၊ ၄၀ လောက်ပဲ ရောင်းတယ် ဆိုတော့ ရဖို့ ဘယ်လိုမှ မျှော်လင့်ချက် မရှိတော့ဘူး” ဟု ဆိုသည်။
လက်မှတ်တန်းစီနေသူများ (ဓာတ်ပုံ-မိုးမခ) |
ရန်ကုန်-မန္တလေး ရိုးရိုးတန်း ၁၅၀၀ ကျပ်တန် ရထားလက်မှတ် တစောင်၏ မှောင်ခိုဈေးနှုန်းမှာ ကျပ် တစ်သောင်း ဖြစ်နေသည်။ ၃၀၉၀ ကျပ်တန် အထူးတန်း လက်မှတ်မှာမူ ကျပ် ၁သောင်း ၅ထောင်မှ ၂သောင်းကြား၊ ပုံမှန် ကျပ် တစ်သောင်း တစ်ထောင် ပေးရသည့် ပုဂ္ဂလိက လေအိတ်ကား လက်မှတ်မှာမူ ၂သောင်းကျပ်သို့ အသီးသီး မြင့်တက် ကုန်သည်ဟုလည်း ခရီးသွားများက ပြောဆိုကြသည်။
ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းများရှိ ၀န်ထမ်းများသည် ရထား၊ ကားလက်မှတ် တစ်စောင်ကို ကျပ် သောင်းနှင့် ချီပြီး ကုန်ကျခံရန် မတတ်နိုင်သဖြင့် ယခုကဲ့သို့ နံနက် စောစောသွားပြီး တန်းစီကာ လက်မှတ်ရရှိဖို့ ကြိုးစားကြရခြင်းလည်း ဖြစ်သည်။
ရထားလက်မှတ် နေရာ အများစုကို ဗီအိုင်ပီ ဟုခေါ်ဆိုသည့် စစ်ဘက်ဆိုင်ရာ နှင့် အရပ်ဘက် ဌာနဆိုင်ရာ အရာရှိများ အတွက် ဖယ်ထားပေးရခြင်း၊ ရထားဝန်ထမ်းများ မှောင်ခို ရောင်းရန် ခွဲတမ်း ပေးရခြင်းတို့ဖြင့် ယခုကဲ့သို့ လက်မှတ်စောင်ရေ ၄၊ ၅ရာရှိသည့် တစီးလုံးတွင် စောင်ရေ တစ်ရာ ၀န်းကျင်သာ ရောင်းချပေးနိုင်ခြင်း ဖြစ်သည်ဟု ရထားဝန်ထမ်း အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ရထားလက်မှတ်ရောင်းချရာ ဘူတာရုံတွင် လက်မှတ်မှောင်ခို ရောင်းချသူကို ဖမ်းဆီးပေးနိုင်သူကို ဆုငွေ တစ်သိန်း ချီးမြှင့်မည် ဆိုသည့် ကြေညာချက် ရေးထားသော်လည်း လက်တွေ့တွင်မူ ထိုသို့ တိုင်တန်းခြင်းထက် စည်းကမ်း ဖောက်ဖျက်မှုကို တာဝန် ရှိသူများက စစ်ဆေး အရေးယူပေးခြင်းက လက်တွေ့ကျသည့် လုပ်ဆောင်မှု ဖြစ်သည်ဟု ခရီးသွား တဦးက ဝေဖန်သည်။
ပုဂ္ဂလိက မှန်လုံကားလိုင်းများ အားလည်း အဝေးပြေး ကားကြည့်ကြပ်ရေး ကော်မီတီက သင်္ကြန်ကာလတွင် သတ်မှတ် ဈေးနှုန်းထက် ပိုရောင်းလျင် အရေးယူမည်ဟု ကြေညာချက် ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် ဧပြီလ ၁ရက်နေ့ နောက်ပိုင်း လက်မှတ်များ ရောင်းချရာတွင် ကားလိုင်း အများစုက ပေးချေရသည့် လက်မှတ်ဖိုးကို ရေးသားခြင်းမရှိပဲ ရောင်းချလျက် ရှိကြသည်။ ခရီးသွားများ အနေဖြင့်လည်း ပုံမှန် နှုန်းထားတက် ၂ဆ ပိုယူသည်ကို တိုင်ကြားရန်ထက် လက်မှတ် မရမည် စိုးသဖြင့် မတိုင်ကြား လိုကြကြောင်း ခရီးသွားများက ပြောသည်။
အဝေးပြေး ကားလက်မှတ်များအား ပုံမှန်နှုန်းထက် ပိုရောင်းလျင် အရေးယူမည်ဟု ကြေညာချက် ထုတ်ပြန်သော်လည်း ထိုသို့ ထုတ်ပြန်သည့် ကြားမှနှစ်စဉ် ၂ဆခန့် ဈေးတင် ရောင်းချလေ့ ရှိသည့် အတွက် ခရီးသွားများ အနေဖြင့် ကြည့်ကြပ်ရေး ကော်မီတီ၏ လုပ်ဆောင်ချက်ကို ယုံကြည်မှု မရှိကြောင်းလည်း ကြားသိနေရသည်။
ခရီးသွားတဦးက “အဝေးပြေးကား ကြီးကြပ် ထိန်းသိမ်းရေး ကော်မတီက တကယ် လုပ်ချင်ရင် ထွက်တဲ့ ကားတွေကို ဆင်းစစ်ပြီး ခရီးသည်ကို မေးရင် ရတာပဲ။ အဲလိုစစ်မေးပြီး တကယ် အရေးယူရင် ကားဂိတ်တွေက ဘယ်လုပ်ရဲမလဲ၊ အခုတော့ လာတိုင်မှ ဆိုရင်တော့ လက်မှတ်မှာ ပေးရတဲ့ တန်ဖိုးကိုလည်း မရေးတားတော့ ကိုယ့်ဘက်က သက်သေ မရှိတာက တခု၊ နောက် တချို့ ကားတွေက တိုင်ရင် ကားမထွက်တော့ဘူး လို့ ခရီးသည်တွေကို ခြိမ်းခြောက်တော့ ခရီးစဉ် ပျက်မှာ စိုးတာနဲ့ မတိုင်တော့တာပဲ” ဟု ဆိုသည်။
မြတ်မန္တလာထွန်း ကဲ့သို့သော အနည်းငယ်မျှသော ကားလိုင်း အချို့မှာ ပုံမှန်ဈေးနှုန်း အတိုင်း၊ ပုံမှန် ကားအရေအတွက် အတိုင်း ပြေးဆွဲပေးမည်ဟု သတင်းစာများတွင် ကြေငြာသည်ကို တွေ့ရှိရသော်လည်း ပုံမှန်ထက် ၂ဆ တင်ရောင်းသည့် ကားလိုင်းများက အများစု ဖြစ်နေသည့် သဘော ဟုလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် သင်္ကြန် ရာသီသည် တနှစ်လုံးတွင် ပိတ်ရက် အရှည်ဆုံး ဖြစ်ပြီး ခရီးသွားသူ အများဆုံး အချိန် ဖြစ်သည်။
source by : မိုးမခ

0 comments:
Post a Comment