ခိုင်လင်း | ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်း မိုင်းဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး နောက်ပိုင်းတွင် ဒေသအတွင်း၌ ဧည့်စာရင်း စစ်ဆေးကာ ညအချိန်သွားလာမှုများကို တားမြစ်ထားသည်။
မိုင်းဗုံးများပေါက်ကွဲသည့် ယခုလ (၁၇) ရက်နေ့တွင် ရာနှင့်ချီသည့်စစ်သားများ ကားများဖြင့် ရောက်လာပြီးနောက် လုံဂါဇွပ်၊ ဒွန်ဘန်၊ ကျိန်ခရန်၊ တန်ဖရဲ စသည့် ကျေးရွာတို့တွင် ဧည့်စာရင်းစစ်မှုများ လုပ်ခဲ့ပြီး ည (၉) နာရီကျော်ပါက အိမ်ပြင်ထွက်ခွင့် မရတော့ကြောင်း လုံဂါဇွပ်ရွာသာတဦးက ပြောသည်။
၎င်းက “စစ်သားတွေကတော့ အဲဒီ မိုင်းကွဲတဲ့နေ့က ရောက်နေတာ။ ဒီနေ့လည်း စစ်သားတွေ ဒီဘက်ကို ထပ်ရောက်လာတယ်၊ မြစ်ကြီးနားကနေ ကား (၇) စီး၊ ဆိုင်ကယ်က အစီး (၂ဝ) ကျော်နဲ့ ရောက်လာတယ်။ အခု အဲဒီဘက်ကို ဘယ်သူမှ မသွားရဘူး။ အခု ဗုံးပေါက်တဲ့နေရာတွေက ကျနော်တို့ရွာရဲ့ မြောက်ဘက်မှာ ဖြစ်တာ” ဟု ပြောသည်။
မိုင်းဗုံးများမှာ မြစ်ဆုံအောက်ဘက် (၄) မိုင်အကွာတွင်လည်းကောင်း၊ ဒွန်ဘန် ကူးတို့ဆိပ်အနီး အစိုးရဧည့်သည်များ နားနေဆောင် အဆောက်အဦ၊ ရွှေ့ပြောင်းရွာသားများအား ပြန်လည်နေရာချထားမည့်နေရာနှင့် ယင်းအနီးရှိ မြေနေရာတိုင်းတာရေး ဌာနတို့တွင် (၁ဝ) လုံးထက်မနည်း ပေါက်ကွဲခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။
၎င်းက “မနက် (၂) နာရီကျော် (၃) နာရီလောက်မှာပဲ ဗုံးတွေကွဲတာ။ ဗုံးမပေါက်ခင် သေနတ်သံကြားရတယ်၊ မီးကျည်ပစ် လိုက်တာ။ မီးအလင်းရောင်လည်း ပျောက်ရော ဗုံးတွေ ဆက်တိုက်ကွဲတာ။ တပြိုင်တည်းလို ကွဲတာ။ မနက်ကျတော့ စစ်ကားတွေ အဲဒီဘက်ကို တက်သွားတယ်၊ ဆေးဝန်ထမ်းတွေလည်း သွားတာ တွေ့တယ်။ ထိခိုက် သေကျေဒဏ်ရာရတာတော့ မသိဘူး။ ကျနော်တို့လည်း ခပ်လှမ်းလှမ်းကနေ ကြည့်ရတာ။ မြေသယ်ကားတွေ တာယာမီးလောင်ထားတာ တွေ့တယ်။ ပါဂျဲယိုကားတစီး ပျက်စီးနေတာ တွေ့တယ်။ ကူးတို့ဆိပ်နားက အစိုးရလူကြီးတွေလာရင် နားတဲ့အဆောင်က ဆောက်ထားတာ မကြာသေးဘူး။ အသစ်ကြီးရှိသေးတယ်။ အဲဒါလည်း ပျက်စီးတာတွေ့တယ်” ဟု ပြောသည်။
အခင်းဖြစ်သည့်နေ့က မြစ်ဆုံစီမံကိန်းတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားတဦး မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ဒဏ်ရာဖြင့် ရောက်ရှိလာကြောင်း ဆေးရုံနှင့် နီးစပ်သည့် မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။
ယမန်နေ့ထုတ် နအဖသတင်းစာများတွင် မိုင်း (၁ဝ) လုံးပေါက်ကွဲခဲ့ပြီး မပေါက်သေးသည့် ဗုံးများ သိမ်းဆည်းရမိခဲ့ကြောင်း၊ အမျိုးသားတဦး မှန်ကွဲစ ထိမှန်ဒဏ်ရာရရှိကြောင်း၊ အဆောက်အဦ (၂) လုံးနှင့် မော်တော်ယာဉ် (၆) စီးတို့၏ အစိတ်အပိုင်းအချို့ ပျက်စီးကြောင်း ဖော်ပြထားသည်။

source by :NEJ

0 comments:
Post a Comment