မျိုးချစ်သူ | နာရေး ကူညီမှု အသင်း (ရန်ကုန်) က မြန်မာ နှစ်ဆန်း (၁) ရက်နေ့ ဧပြီလ (၁၇) ရက်တွင် ပထမဦးဆုံး အကြိမ် အဖြစ် အသုဘပို့နောက်လိုက်ယာဉ်ကို အခမဲ့ စီစဉ်ပေးခဲ့ကြောင်း နာရေး ကူညီမှုသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
ယင်းနေ့တွင် ပြည်တွင်း စာနယ်ဇင်းများကလည်း နာရေး ကူညီမှုအသင်း ကားများဖြင့် နာရေး ကူညီမှုများကို ကုသိုလ်ပြု ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ပြောသည်။
“အခုလိုမျိုး နှစ်ဆန်း (၁) ရက်နေ့မှာ မည်သည့် စာနယ်ဇင်း လောကသား မဆို ပါဝင်ပြီးတော့ ကုသိုလ်ယူနိုင်ဖို့ စီစဉ် ရတာကတော့ နာရေးကူညီမှု အသင်းရဲ့ဆောင်ရွက်ချက်တွေကို ကိုယ်တွေ့ သိစေလိုတာကြောင့်ရယ်နဲ့ နာရေး ဖြစ်သူတွေရဲ့ မိသားစုတွေရဲ့ ခံစားမှုတွေကို သိစေလိုတာကြောင့် ဖြစ်တယ်။ နှစ်ဆန်း (၁) ရက်နေ့မှာတော့ ပြည်တွင်း သတင်းဂျာနယ်တချို့က လာရောက်ပြီး ကုသိုလ်ပြုကြပါတယ်” ဟု ဦးကျော်သူက ပြောသည်။

နှစ်ဆန်း (၁) ရက်နေ့တွင် စတင်သော အသုဘပို့ နောက်လိုက်ယာဉ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ဦးဟုန်းတမ်နှင့် ဒေါ်ခင်မြင့်ရီ မိသားစုက နာရေးကူညီမှုအသင်းသို့ မတ်လ ဒုတိယပတ်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယင်းကားအမျိုးအစားမှာ စစ်ကျန်ဘတ်စ်ဟုခေါ်သော ဘတ်စ်ကားဖြစ်ပြီး အလှူရှင်များက အသုဘနောက်လိုက်ယာဉ်အဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် အဆိုပါ စစ်ကျန် ဘတ်စ်ကားများကို ပြီးခဲ့သည့်နှစ် နှစ်ဆန်းပိုင်းတွင် မြို့တွင်း (၆) မြို့နယ်နှင့် အခြားမြို့နယ် အချို့တို့တွင် ပြေးဆွဲခြင်း ကန့်သတ် ခံထားရသဖြင့် အဆိုပါ မြို့နယ်များရှိ နာရေး ကိစ္စများကို ယင်းကားများက အသုဘနောက်လိုက်ယာဉ်အဖြစ် အခမဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ရုပ်အလောင်းများကိုတင်သော နိဗ္ဗာန်ယာဉ် အစီးရေ (၁၇) စီးရှိပြီး ထိုယာဉ်များဖြင့် တနေ့လျှင် သေဆုံးသူ (၆၀) ခန့်ကို ရေဝေး၊ ထားဝယ်ချောင်၊ ထိန်ပင်၊ ကျီစု သုသာန်များသို့ ပို့ဆောင်သင်္ဂြိုဟ်ပေးနေကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မှတ်တမ်းများတွင် ဖော်ပြသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment