အလှဖန်တီးရှင် မယ်ရွေးပွဲ တရားဝင် ကျင်းပခွင့် ပိတ်ပင်

Wednesday, February 03, 2010 ·

မိုးယံ | အလှဖန်တီးရှင်များ၏ အလှမယ် ရွေးချယ်ပွဲများကို တရားဝင် ခွင့်မပြု တော့ကြောင်း အဆိုပါပွဲများ စီစဉ်သည့် ရန်ကုန်မြို့ခံ အလှဖန်တီးရှင် များထံမှ သိရသည်။

အလှဖန်တီးရှင်များ မယ်ပြိုင်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာပြည်တွင် အလှဖန်တီးရှင် မယ်ရွေးပွဲများကို နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့နှင့် HIV/ AIDS ရန်ပုံငွေပွဲအဖြစ် ကျင်းပလျက်ရှိရာ ယခုအခါ လူသိရှင်ကြားကြော်ငြာ၍ ကျင်းပခွင့်များ ပြန်လည်ရုပ်သိမ်း လိုက်ကြောင်း ရန်ကင်းမြို့ရှိ အလှဖန်တီးရှင် စိုးလေးကဆိုသည်။

Miss Red Ribbon Beauty Contest ကဲ့သို့ပင် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ ကမ္ဘာ့ HIV/ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် အလှဖန်တီးရှင်များ၏ အလှဆုံးသူ ရွေးချယ်ပွဲကို ကျင်းပပြုလုပ်ရန် ပိုစတာများဖြင့် ကြော်ငြာထားပြီးမှ အဆိုပါပွဲကို အာဏာပိုင်များက ကျင်းပခွင့် မပေးတော့ကြောင်း ၎င်းက ပြောသည်။

“အဲဒီမျှော်စင်ကျွန်းမှာ လုပ်မယ့်ပွဲကို လုပ်ခွင့်မပေးတော့ အားလုံးပြဿနာတွေတက်ကုန်တာ။ ဘာလို့ ကျင်းပခွင့် မပေးတော့တာလဲ မေးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွဲ လုပ်လို့က တချက်၊ ဒီလိုလူစည်ကားတဲ့ နေရာ မျိုးမှာ ကျင်းပခွင့်မပြုနိုင်တာကြောင့်တချက်၊ ပွဲဖျက်ပေးရမယ်တဲ့” ဟု အလှဖန်တီးရှင် စိုးလေးက ဆိုသည်။

မျှော်စင်ကျွန်းအတွင်း ကျင်းပခွင့် ဖျက်သိမ်းခံခဲ့ရသော Miss Condom Contest 2009 ကို ရန်ကုန်မြို့ရှိ ရွှေဂုံတိုင် ဟိုတယ်တွင် အကျဉ်းရုံး ကျင်းပခဲ့ရကြောင်း ပွဲစီစဉ်သူတဦးက ဧရာဝတီကိုပြောသည်။

“ဒီလိုပွဲမျိုးကို လူစည်ကားတဲ့ပန်းခြံမျိုးမှာ ကျင်းပခွင့်မပြုနိုင်ဘူးတဲ့၊ UN၊ WHO တွေနဲ့တွဲပြီး ဒီပွဲတွေလုပ်တာကို လက်မခံဘူးလို့ပြောတယ်။ တို့တွေက တကယ်ကို HIV/AIDS အတွက် ရန်ပုံငွေရှာပေးတာပဲ၊ ပြီးတော့ အလှ ဖန်တီးရှင်တွေ အတွက် နေရာလေး တနေရာရဖို့အတွက်ပါ” ဟု၎င်း ပွဲစီစဉ်သူက ဆိုသည်။

မြန်မာ့လူမှု အသိုင်းအဝန်းတွင် ယခုနောက်ပိုင်း အလှဖန်တီးရှင်များ ပိုမိုနေရာရလာပြီး လူအများက အသိအမှတ် ပြုလာသည်ဟု ထင်ရသော်လည်း အမှန်တကယ် အလှဖန်တီးရှင်များအတွက် အခွင့်အရေးနှင့် နေရာ တနေရာ မရရှိသေးကြောင်း တောင်ဥက္ကလာပတွင် HIV/AIDS ပညာပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် NGOတခုမှ ကိုအောင်က ပြောသည်။

“ဆီဒိုးနားမှာ လုပ်တဲ့ပွဲက သူတို့နဲ့ဆိုင်ရာပိုင်ရာတွေ လုပ်လို့ ခွင့်ပြုတာလေ။ အဲဒီလို ဆိုင်ရာပိုင်ရာ ကျတော့ လုပ်ချင်တာလုပ် တို့အစိုးရက အကုန်ခွင့်ပြုတယ်။ ရွေးကောက်ပွဲမှာ မဲပေးဖို့ကျတော့ အလှဖန်တီးရှင်တွေလည်း ပေးရမယ်၊ အခွင့်အရေးကျတော့ တန်းတူမရဘူး” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ၂၀၀၉ ခုနစ် နိုဝင်ဘာလက ကျင်းပခဲ့သော Miss Red Ribbon Beauty Contest ပွဲကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ မရီးတော်စပ်သူ Zar & Zar Co..,Ltdမှ မဂျစ်တူးက စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က အလှဖန်တီးရှင်များကို လူမှုပတ်ဝန်းကျင်တွင် နှိမ့်ချဆက်ဆံခဲ့ကြရာက ယခုကဲ့သို့ အသိအမှတ်ပြု၍ ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ HIV/AIDS ပညာပေး လုပ်ငန်းများတွင် အလှဖန်တီးရှင်များကို နေရာပေးလာခြင်း၊ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက အဖွဲ့အစည်းများတွင် အလုပ်ကိုင်ပေးလာခြင်းနှင့် မိတ်ကပ် ဒီဇိုင်းနှင့် ပတ်သက်လာလျှင် အလှဖန်တီးရှင်များက သာမန်ထက်ပို၍ အမြင်ရှိခြင်းတို့ကြောင့် လူမှု အသိုင်းအ၀န်းတွင် တဖြည်းဖြည်း လက်ခံလာခဲ့သည်ကို တွေ့ရသည်။

အလှဖန်တီးရှင်များ၏ အကပဒေသာ “မိုးကြိုးငှက်ငယ်ကလေးများ” အဖွဲ့ကို ထူထောင်ခဲ့သည့် အဖွဲ့ခေါင်းဆောင် စောနန္ဒာက “ အလှဖန်တီးရှင်တွေကိုတော်တော်များများ လက်ခံလာကြပါတယ်၊ အစိုးရအနေနဲ့ ဒီထက်ပို ခွင့်ပြုပေးရင် ပိုဖြစ်လာနိုင်တယ်” ဟုဆိုသည်။

အဆိုပါ အလှ ဖန်တီးရှင်များကို ရပ်ကွက်အတွင်း ပျော်ပွဲရွှင်ပွဲများ၊ ကုမ္ပဏီများ၏ နှစ်ပတ်လည် အခမ်းအနား များတွင် ဖျော်ဖြေရန် ငှားရမ်းမှု များပြားလာကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် အလှဆုံး အလှဖန်တီးရှင် ရွေးချယ်ပွဲကို Miss Red Ribbon Beauty Contest ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်တကြိမ်၊ မန္တလေးမြို့ Oriental House တွင် တကြိမ် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။

“သူတို့က တရားဝင် ခွင့်ပြုပြီး ခမ်းခမ်းနားနား လုပ်ရရင် ပိုကောင်းတာပေါ့။ အခု သူတို့ခွင့်မပြုပေမယ့် ကိုယ့်နည်း ကိုယ်ဟန်နဲ့ ပွဲတွေလုပ်နေကြတာပဲလေ။ ပွဲသေးတာနဲ့ကြီးတာပဲ ကွာမယ်” ဟုတာမွေမြို့နယ်အတွင်းရှိ အလှဖန်တီးရှင် တဦးကပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */