စိုးမိုး | စစ်အစိုးရ အာဘော် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာသည် ယမန်နေ့ ဇန်န၀ါရီ (၁၂) ရက်က ထုတ်ဝေမှုတွင် စာမျက်နှာ (၁၅၊ ၁၆၊ ၁၇) (၃) မျက်နှာကို ယနေ့ ရက်စွဲ ဇန်န၀ါရီ (၁၃) ရက်ဖြင့် မှားယွင်း ရိုက်နှိပ် ဖြန့်ဝေပြီး ယနေ့တွင်လည်း အမှား ပြင်ဆင်ခြင်း မရှိဘဲ ယမန်နေ့က ဖော်ပြပြီးသား စာမျက်နှာ အတိုင်း ထပ်မံ ဖော်ပြထားသည်။
နိုင်ငံပိုင် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar တို့မှာ စစ်အစိုးရ အာဘော်ဆောင်းပါးများ၊ စစ်အစိုးရ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များနှင့် နာရေး သတင်း ကြော်ငြာများကိုသာ အဓိက ဖော်ပြနေပြီး ယမန်နေ့က မှားယွင်းမှုကို တရားဝင် မတောင်းပန်သည့် အပြင် ယမန်နေ့က အတိုင်း ယနေ့ ထပ်မံ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
“အလုပ်အကိုင် မကျွမ်းကျင်တာ၊ တာဝန်မယူတာ၊ ဒါ့အပြင် ဘယ်သူ့မှ မလေးစားတာ ဖြစ်မှာပေါ့။ ကျနော် သိပ်မပြောချင်ဘူး ခင်ဗျ။ မပြောချင်ဘူးဆိုတာ အဲဒီကလူတွေ အလုပ်တွေ ပြုတ်ကုန်မှာလည်း မကောင်းဘူးပေါ့ဗျာ” ဟု ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောကြားသည်။

ယင်းသို့ မှားယွင်းမှုက သတင်းစာတိုက် တခု အနေဖြင့် မမှားသင့် မမှားထိုက်သော အမှားမျိုး ဖြစ်ပြီး ယခုကဲ့သို့ မှားယွင်း ဖော်ပြမှုကြောင့် သတင်းစာတိုက် ၀န်ထမ်းများ အလုပ်ပြုတ် နိုင်ကြောင်း သတင်းစာ ဆရာများက သုံးသပ်သည်။
မြန်မာ့သတင်း သမဂ္ဂကမူ နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံတို့မှ သတင်းစာဝန်ထမ်းများမှာ သတင်းစာတစောင်၏ အလုပ်တာဝန်ကို လုပ်ကိုင်နေခြင်း မဟုတ်ဘဲ စစ်အစိုးရ ခိုင်းသည်ကိုသာ လုပ်ကိုင်နေရခြင်း၊ လစာခံစားခွင့် နည်းပါးခြင်း တို့ကြောင့် အလုပ်ကို စိတ်ဝင်စားမှု လျော့ကျလာကာ ယခုကဲ့သို့ အမှားများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ဆိုသည်။
“သတင်းစာတိုက် ၀န်ထမ်းတွေ အလုပ်ပြုတ်မယ်။ ဒါက ဘာကြောင့် ဖြစ်ရလဲဆိုတော့ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ ဆိုတာ ပြည်သူ ကလည်း သတင်းစာလို့ သတ်မှတ် တော့တာ မဟုတ်ဘူး။ လုပ်နေကြတဲ့ ၀န်ထမ်းတွေကလည်း သူတို့ လုပ်ချင်တဲ့ သတင်းစာနဲ့ တူတဲ့ သတင်းစာ တစောင် လုပ်နေရတာ မဟုတ်တော့ စိတ်ဝင်စားမှု လျော့လာတာ။ ဒါကြောင့် ဒီလိုအမှားတွေ ခဏခဏ ဖြစ်လာတာ” ဟု မြန်မာသတင်း သမဂ္ဂ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောကြားသည်။
သတင်းစာအဆင့်အတန်းမရှိသော သတင်းစာ တစောင် ဖြစ်နေသည့် အတွက် ၀န်ထမ်းများ၏ ပေါ့ဆမှု၊ လုပ်ငန်း မကျွမ်းကျင်မှု၊ သတင်းစာတိုက် အုပ်ချုပ်သူတို့ တာဝန်မခံမှုတို့ အပြင် စာဖတ်သူကို မလေးစားမှုတို့ကြောင့် ယခုကဲ့သို့ မဖြစ်သင့် မဖြစ်ထိုက်သော အမှား ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း သတင်း လောကက သုံးသပ်သည်။
“ဒါမျိုးအမှားဆိုတာ နိုင်ငံပိုင်သတင်းစာမှ မဟုတ်ဘူး၊ ဘယ်သတင်းစာ ဖြစ်ဖြစ် မဖြစ်သင့်ဘူး။ ဒီလို မှားတာ ယွင်းတာက ပေါ့ဆမှု လို့လည်း ပြောနိုင်တယ်။ တာဝန်ခံသူတွေရဲ့ အလုပ်အကိုင် မကျွမ်းကျင်မှုလည်း ဖြစ်နိုင်တယ်။ သို့မဟုတ်လည်း အရေးကို မထားဘူးပေါ့ဗျာ။ ဖတ်ချင်တဲ့ ကောင်ဖတ်၊ မဖတ်ချင်တဲ့ ကောင်နေ ဘယ်လို ဖြစ်ဖြစ် ဖြစ်ချင်ရာ ဖြစ်ကွာဆိုပြီး လုပ်နေတဲ့ သဘောလည်း ရှိနိုင်တာပေါ့ဗျာ” ဟု ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောကြားသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment