စိုးမိုး | နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းခွင်များ၊ ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးအပ်မှု နောက်ကျကြောင်း စီးပွားရေး ပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။
နအဖ စစ်အစိုးရက နိုင်ငံပိုင် ရုပ်ရှင်ရုံများ၊ အိမ်ရာများ၊ စက်ရုံ အလုပ်ရုံများ စုစုပေါင်း (၁၁၀) ကျော်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ တဆင့် လေလံ တင်လိုက်သည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ လွှဲပြောင်း မပေးခဲ့သော စစ်အစိုးရက အာဏာ သိမ်းကာလ နှစ် (၂၀) ကျော်အကြာ၊ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဆိုသည့် ယခုနှစ်တွင် ယခု ကဲ့သို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခြင်း ဖြစ်သည်။

“သူတို့ ဘာစိတ်ကူးနဲ့ လုပ်တာလဲ ဆိုတာကိုတော့ မသိဘူးပေါ့။ ဒါပေမယ့် လုပ်ဖို့ကောင်းတာကတော့ ကြာလှပြီ။ အခုမှ လုပ်ရမှာ မဟုတ်ဘူး။ ဟိုဘက်ကတည်းက လုပ်ရမှာပဲ။ လုပ်လည်း လုပ်သင့်တဲ့ အလုပ်တွေပဲ။ လုပ်ဖို့ လိုတာတော့ ကြာလှပြီ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောဆိုသည်။
ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးမည်ဟု စစ်အာဏာပိုင်များက အာဏာ သိမ်းစဉ်က စပြီး မူဝါဒ ချမှတ် ထားသော်လည်း သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ၊ သဘာဝ သယံဇာတနှင့် စက်ရုံအလုပ်ရုံအများစုကို စစ်အစိုးရက ချုပ်ကိုင် ထားဆဲ ဖြစ်သည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အတွက် စီးပွားရေး လုပ်ငန်းရှင်များကို လုပ်သာ ကိုင်သာ ရှိစေရန် စည်းမျဉ်းများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပေးရန် လိုအပ်နေခဲ့သည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင်အများက သုံးသပ်ကြသည်။
ယခုကဲ့သို့ ပုဂ္ဂလိကပိုင် ပြောင်းလဲပေးခြင်းမှာ စီးပွားရေး ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းစဉ် အတွက် တစိတ် တဒေသ လုပ်ငန်းစဉ် တခုသာဖြစ်ပြီး ဈေးကွက် စီးပွားရေး စနစ် ပီပြင် လာစေရန် အတွက်မှာမူ လုပ်ဆောင်စရာ များစွာ လိုအပ်နေသည် ဟုလည်း ဦးခင်မောင်ညိုက ပြောကြားသည်။
နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် လုပ်ငန်းများ အဖြစ် လွှဲပြောင်းပေးမှုတွင် လွှဲပြောင်းမပေးသင့်သည့် လုပ်ငန်း မရှိဘဲ လွှဲပြောင်းမှု နည်းစနစ် စည်းမျဉ်းစည်းကမ်းသာ အရေးကြီးသည်ဟု ၎င်းက ပြောသည်။
“ကာကွယ်ရေးလို ဟာမျိုးကိုတောင် ပုဂ္ဂလိကပိုင် ပေးလို့ရတယ်။ ပုဂ္ဂလိကကို ပေးလို့ မရတဲ့ လုပ်ငန်းဆိုတာ မရှိသလောက်ဘဲ။ ဘယ်လို ပေးမလဲ။ ပေးပုံ ပေးနည်းပဲ လိုတယ်။ ပေးလို့မရတာ မရှိဘူး။ ၀န်ဆောင်မှုတွေ ကောင်းအောင်၊ ဈေးတွေ ကြီးမသွားအောင် ဘယ်လို ပေးမလဲဆိုတဲ့ လုပ်ပုံ လုပ်နည်းပဲ အရေးကြီးတယ်” ဟု ဦးခင်မောင်ညိုက ဆက်လက် ရှင်းပြသည်။
ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ကြေညာချက် အရ ရုပ်ရှင်ရုံများ၊ အိမ်ရာများ၊ စက်ရုံများ အများအပြား ပါဝင်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များကလည်း စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။
သို့သော် စစ်အစိုးရက ယခင် လေလံ ခေါ်ယူ ရောင်းချမှုများတွင် လေလံအောင် ဈေးနှုန်းကို တရားဝင် ကြေညာခြင်း၊ မည်သူ လေလံ အောင်သည်ကို ထုတ်ပြန်ခြင်း မရှိသလောက် နည်းပါးသည်ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက ပြောကြားသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment