ဒေါ်အောင်ဆန်းစုကြည် အယူခံမှု နှစ်ဘက် လျှောက်လဲချက် ပြီးဆုံး

Tuesday, January 19, 2010 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် အထူး တရားရုံးမှ ပြစ်ဒဏ် ချမှတ်မှုကို အယူခံ တင်သွင်းထားသော ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ယနေ့ ဗဟိုတရားရုံးချုပ်တွင် ကြားနာစစ်ဆေးသည်။

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် အထူး တရားရုံးမှ ချမှတ်ခဲ့သော အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်အမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့ အပေါ် အလားတူပြစ်ဒဏ်များ ချမှတ်မှုနှင့် အစိုးရဘက်မှ တင်သည့် အမှု တခု စုစုပေါင်း (၃) မှုကို တရား ရုံးချုပ်တွင် ယနေ့ နှစ်ဘက် လျှောက်လဲချက် အပြီးသတ် တင်သွင်း ကြခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီနေ့အမှု (၃) မှုပေါ့နော်။ ဒေါ်စုရယ်၊ ဒေါ်စုနဲ့အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းတို့ရယ်၊ အစိုးရက တင်တာ (၁) မှု။ ဒီ (၃) မှုစလုံးအတွက် နှစ်ဘက်၊ ကျနော်တို့ဘက်ကရော အစိုးရဘက်ကရော အပြီးသတ်လျှောက်လဲချက် ပေးကြပါတယ်။ မနက် (၁၀) နာရီ ကနေ နေ့ခင်း (၁) နာရီခွဲလောက်ထိပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ တဦးဖြစ်သူ ဦဉာဏ်ဝင်းက ပြောသည်။

အင်းစိန် ခရိုင် အထူး တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့အား ယင်းသို့ ပြစ်ဒဏ်များ ချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံ အမှုကို ပယ်ချခဲ့သည့် အတွက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟို တရား ရုံးချုပ်တွင် ဆက်လက် အယူခံတင်သွင်း လျှောက်ထားကြခြင်း ဖြစ်သည်။

“အခြေခံပြောရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်တွေ့သုံးလို့မရဘူး၊ သုံးခွင့်မရှိတော့ဘူးဆိုတာ ဥပဒေ အချက်အလက်တွေ အထောက်အထားတွေနဲ့ ကျနော်တို့တင်ပြတာပေါ့။ ၁၉၇၄ အခြေခံဥပဒေမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ကန့်သတ်ထားတဲ့အမိန့်တွေ၊ သူတို့က ၁၉၇၄ အခြေခံဥပဒေပါ ပုဒ်မတွေကို ယူသုံးပြီးတော့ ကန့်သတ်တာ၊ အဲဒီကန့်သတ်မိန့်တွေ တရားမ၀င်ဘူး၊ ကန့်သတ်မိန့် တရားမ၀င်တဲ့အတွက် တားဆီးမိန့်လည်း တရားမ၀င်ဘူး။ အဲတော့ ဒေါ်စုအပေါ်မှာ ကန့်သတ်တာတွေ တရားမ၀င်တဲ့အတွက် အခုတရားစွဲဆိုတဲ့ စည်းကမ်းဖောက်ဖျက်တယ် ဆိုတာလည်း မရှိဘူးဆိုတာကို ကျနော်တို့ လျှောက်လဲချက်ပေးတာ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

တိုင်းတရားရုံးတွင် အယူခံအတွက် လျှောက်လဲချက်တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အခြေခံဥပဒေ မရှိတော့ကြောင်း တင်ပြချက်ကို တိုင်းတရားရုံးက မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ယင်းသို့ တိုင်းတရားရုံးက ဆုံးဖြတ်ချက်ကို မကျေနပ်၍ အစိုးရဘက်မှလည်း တမှု တင်သွင်းခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ အမှုကြားနာစစ်ဆေးရာတွင် ထူးခြားချက်မှာ ယခင်ကဲ့သို့ နိုင်ငံတော် တရားရုံးချုပ်တွင် တရားသူကြီးတပါးသာမထိုင်ဘဲ နှစ်ပါးထိုင်၍ ကြားနာကြကြောင်း၊ ယနေ့ လျှောက်လဲချက် အပြီးသတ်ပေးပြီးသည့်နောက် အမိန့်ထွက်မည့်ရက်ကို သွားရောက် မေးမြန်းရမည်ဖြစ်ကြောင်း၊ ဗြိတိသျှသံရုံးမှ သံအမတ်ကြီးနှင့် ပထမအတွင်းဝန်တို့လည်း အမှုကို လာရောက်နားထောင်ကြ ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ရေကူး ၀င်ရောက် ခဲ့မှုကြောင့် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မူလတရားရုံးမှ ချမှတ်ခဲ့သော ထောင်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လကျခံစေရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */