NEJ | ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ယနေ့ နံနက် (၇) နာရီ မတိုင်မီက ပျက်ကျရာ အသက် (၂၃) နှစ် အရွယ် ပိုင်းလော့ ဗိုလ်ကြီး ပြည့်ဖြိုးမျိုး ဆိုသူ သေဆုံးသွားကြောင်း မင်္ဂလာဒုံလေတပ်မှ အရာရှိ တဦးက ခေတ်ပြိုင်သို့ ပြောသည်။
မောင်းနှင်သော လေယာဉ်မှာ တရုတ် နိုင်ငံလုပ် F-7 အမျိုးအစား တယောက်စီး ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်ပြီး ယနေ့ နံနက်က လေဆိပ်တွင် လေ့ကျင့်နေချိန် ပျက်ကျခြင်း ဖြစ်ကြောင်း သိရသည်။
“အဆင်းမှာ ဖြစ်တာဗျ၊ ဘီးကို ချမရတော့ဘူး။ ဒါ့ကြောင့် ရှပ်တိုက် ဆင်းလိုက်တော့ မီးလောင် သွားတယ်။ ပိုင်းလော့ ကတော့ မီးလောင်တာလည်း ပါတယ်၊ အမြင့်က ပြုတ်ကျတာလည်း ပါတဲ့ အတွက် အသက် ဆုံးရှုံးရတယ်။ အဲဒီ ပိုင်းလော့က တော်တဲ့ လူငယ် တယောက်ပါ” ဟု အဆိုပါ လေတပ် အရာရှိက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လေဆိပ်လုံခြုံရေးများက ယနေ့ တနေကုန် လေဆိပ်သို့ လာသော ဧည့်သည် များကို စစ်ဆေးမှုများ ပိုမို လုပ်ခဲ့ကြောင်း လေဆိပ်သို့ သွားရောက်ခဲ့သူ တဦးက ပြောသည်။ ယင်းသို့ တိုက်လေယာဉ် ပျက်ကျ ခဲ့သော်လည်း လေကြောင်း ခရီးစဉ်များ အပြောင်းအလဲ မရှိကြောင်း သိရသည်။
“လေယာဉ် ခရီးစဉ် အပြောင်းအလဲ မရှိပါဘူး။ ပျက်ကျတာ ဟုတ်ပါတယ်” ဟု အဲမန္တလေးမှ လိုတိုရှင်း ပြောကြားသည်။
မြန်မာ နိုင်ငံ၌ F-7M အမျိုးအစား ဂျက် တိုက်လေယာဉ် (၄၈) စီး တရုတ် နိုင်ငံမှ ၀ယ်ယူ ထားသည်ဟု ဗြိတိန် အခြေစိုက် sinodefence.com တွင် ဖော်ပြ ပါရှိသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment