အောင်ထက် | ရန်ကုန် တောင်ပိုင်းခရိုင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ အတွင်း ယခုလပိုင်း၌ မိုးစပါးများ ထွက်ရှိနေပြီဖြစ်ရာ မူလမှန်းထားသည်ထက် အထွက်နှုန်း များစွာ လျော့နည်းကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။
ယခုနှစ် မိုးကောင်း၍ စပါးစတင်စိုက်ပျိုးစ ၀ါခေါင်လနှင့် စပါးဖုံးထွက်စ တန်ဆောင်မုန်းလတွင် ရေ (၂) ကြိမ် ကြီးခဲ့ခြင်းကြောင့် စပါးအထွက်နှုန်း ဤမျှ ကျဆင်းရခြင်းဖြစ်သည်ဟု သိရသည်။
“ဘယ်လောက်စပါး ညံ့ညံ့ ကျနော့်လယ် (၆) ဧကမှာ စပါးတင်း (၂၀၀) နှစ်စဉ် ထွက်တယ်။ အခုနှစ် (၁၀၄) တင်းပဲရတော့ (၁) ဧက (၁၆) တင်းလောက်ပဲ ထွက်တယ် ပြောရမယ်” ဟု ကော့မှူးမြို့နယ်၊ လာဝတီကျေးရွာ တောင်သူတဦးက ပြောသည်။
ဒေသမျိုးရင်း စပါးဖြစ်သော ကောက်ကြီး (ဘေးကြား) မျိုးကို ဒေသခံ တို့သည် နယုန်-၀ါဆို၌ ကြဲပက်ကာ ပျိုးကြ ရသည်။ ပျိုးပင် နုတ်အပြီး ၀ါခေါင်လတွင် လယ်ကွက်တွင်း ပြန်လည် စိုက်ပျိုးသည့် အချိန် မိုးကောင်း၍ ရေကြီးခဲ့ခြင်းကြောင့် ပျိုးပင်များစွာ သေကျေခဲ့ရသည်။

အဆိုပါ ရေကြီးမှုကြောင့် ပျိုးပင်များ စပါးပင်ခြေမှအပင်ခွဲပွားရမှုကို ဆုတ်ယုတ်စေပြီး အပင်ငယ်များ ကြုံလှီ သေကုန်ကြရ သည်ဟု တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာမှ တောင်သူတဦးက ပြောသည်။
၎င်းက “တောင်သူတိုင်းရဲ့ ပျိုးခင်းအားလုံး ရေနစ်တော့ ပျိုးကွက် ပြန်ဖြည့်ဖို့ ဘယ်မှာမှ ပျိုးပင် ၀ယ်မရ တော့ဘူး။ ပြန်ပျိုးဖို့ကျ အချိန်က မရ။ အဲလိုနဲ့ စိုက်ချိန်တွေ နောက်ကျပြီး သူ့လယ် ကိုယ့်လယ် ပျိုးပင် ပေါက်တွေ ဆိုတာ ကြဲတိကြဲပြောက်နဲ့” ဟု ရှင်းပြသည်။
ကော့မှူမြို့နှင့် မဝေးလှသော ၀ါးဘလောက်သောက် လယ်မြေအတော်များများတွင် ပျိုးပင်တပင်မှ မကျန်အောင် ရေကြီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကွမ်းခြံကုန်း မြို့နယ်၊ ညောင်ငူကျေးရွာ တောင်သူ တဦးကမူ “ဒုတိယအကြိမ် ရေကြီးတာက စပါးဖုံးထွက်စ တန်ဆောင်မုန်း အခါကောင်းပဲ။ အပင် ၀တ်ရည် မတည်ခင် အပွင့်ပွင့်စဉ်မှာ မိုးကြီးတယ်။ မိုးကြီးတော့ ၀တ်မှုန် မကူးနိုင်တော့ဘူး။ ပြီးတော့ အနှံတွေ မတ်တတ်ခြောက်ကုန်တယ်” ဟု ရှင်းပြသည်။
အဆိုပါ ဒေသတကြောသည် ရေနက်ကွင်းများဖြစ်ခြင်းကြောင့် မိုးစပါး အားပြုစိုက်ပျိုးခြင်း မရှိကြချေ။
တွံတေးမြို့နယ်၊ စမ်းရွာ တောင်သူတို့ကမူ “နွေစပါး (၃ လစပါး) စိုက်ဖို့ ကွမ်းခြံကုန်း ရေထိန်းတံခါးက ရေလွှတ်ပေးပါတယ်။ ဒါပေမယ့် ဆည်မြောင်းနဲ့ နီးတဲ့ လယ်တွေသာ အလုပ်ဖြစ်ကြတာပါ။ ရေတင်ခ၊ စက်စရိတ်၊ ဆီဖိုးနဲ့ ရွာခြေလယ်တွေ ဘယ်စိုက်နိုင်မှာလဲ။ နွေမှာ ရေမအောင်၊ မိုးမှာ ရေကြီးနဲ့ ဒီနယ်တကြောတောင်သူတွေ ဘယ်မှာ နာလန်ထူလို့လဲ” ဟု ပြောဆိုကြသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment