ရဲရင့် | မဲဆောက်မြို့ ကမ်းနားပိုင်းရှိ MOEI ကုမ္ပဏီ လီမိတက် သိုးမွေး စက်ရုံမှ အလုပ်သမား ကိုသားကြီး (၂၉) နှစ်သည် ပြီးခဲ့သည့် စနေနေ့ မွန်းလွဲပိုင်းတွင် အမည်မသိ သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိပြီး ညဘက်တွင် မဲဆောက်ဆေးရုံ၌ သေဆုံးသွားသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး မဲဆောက် ရဲစခန်းမှ အပူတပြင်း လိုက်လံ စုံစမ်းမှုများ ပြုလုပ် နေသည်ဟု မဲဆောက် ရဲစခန်းမှ ရဲမှူး တဦးက ပြောသည်။
အဆိုပါ စက်ရုံမှ ကိုနိုင်က “သားကြီးက တကယ့်ကို လူအေးပါ။ အရက်မသောက်၊ အပျော်အပါး မလိုက်စားတဲ့ လူပါ။ ကျနော်တို့ ထင်တာ ကတော့ သူ့ကို တယောက်ယောက်က လူမှားပြီး ပစ်သွားတာလည်း ဖြစ်နိုင်တယ်။ ဒီနယ်ခြား သောင်ရင်း မြစ်နားမှာက မူးယစ် ဆေးဝါးသမားတွေ များတယ်။ အရင်ကလည်း ဒီလိုဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်။ အလုပ်သမားတွေ အနေနဲ့ သတိ အမြဲ ရှိဖို့တော့ လိုတယ်။ ဒါမျိုးက ဖြစ်လိုက်ရင် ကိုယ်ပဲ နစ်နာတယ်” ဟု ပြောသည်။
အခင်း ဖြစ်ပွားရာ နေရာ အနီးတွင် ကျည်ခွံတခုနှင့် လက်ထိပ် တစုံကို တွေ့ခဲ့ရသည်ဟု စက်ရုံ အလုပ်သမား များက ပြောသည်။
သေဆုံးသူသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းရွာ၊ ကေသ၀တီ ရပ်ကွက်မှ ဦးလှနှင့် ဒေါ်အေးမြင့်တို့၏ သားဖြစ်သည်။
သေဆုံး သွားသည့် မြန်မာ အလုပ်သမား ကိုသားကြီး၏ ဈာပနကို မဲဆောက်မြို့တွင် ပြုလုပ်ရာ မြန်မာ အလုပ်သမား (၅၀၀) ခန့် လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment