NEJ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေ အပါအ၀င် ဗဟို အလုပ် အမှုဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဂါရ၀ ပြုခွင့် ရမည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“ဘယ်နေရာမှာ လဲတော့ ကျနော်တို့ မသိဘူး။ တနေရာမှာ အဖွဲ့ချုပ် ခေါင်းဆောင်ကြီး (၃) ဦးကို စုစည်း ပြီးတော့ ဒေါ်စုက ကန်တော့ခွင့်ရနိုင်မယ်။ ဒီနေ့ ရလိမ့်မယ်လို့ သိရတယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဦးဉာဏ်ဝင်း အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ (၄) ဦးတို့ သွားရောက် တွေ့ဆုံ ခွင့်ရခဲ့ပြီး ယခုကဲ့သို့ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

ဒီဇင်ဘာ (၁၄) ရက်တွင် နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ်နှင့်ပတ်သက်၍ သဘောထားမေးမြန်းခဲ့ပြီးနောက် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ (၃) ဦးကို တနေရာတည်းတွင် စုစည်း၍ ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခွင့် ရရှိခြင်းဖြစ်သည်။
အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးလွင်က “သူတို့ပြောဆို အကြောင်းကြား ထားတာတော့ ရှိပါတယ်။ လက်တွေ့ အကောင်အထည် ပေါ်လာမှပဲ အန်ကယ်တို့က ပြောနိုင်မယ်။ အန်ကယ်ကတော့ တိတိကျကျမသိဘူး။ ဒါပေမယ့် လာခေါ်မယ် ဆိုတာတော့ သိပါတယ်။ တာဝန်ရှိသူတယောက်ကို လွှတ်ပြီး အကြောင်းကြားတာပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သည့် စာတွင် ကျန်းမာရေး အရ မိမိတို့ နေအိမ် အသီးသီးတွင်သာ နေထိုင်လျက် ရှိကြသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ၎င်းတို့နေအိမ်အသီးသီးတွင် သွားရောက် ဂါရ၀ပြု ကန်တော့လိုသည့် အတွက် စီစဉ် ဆောင်ရွက်ပေး ပါရန် ထည့်သွင်း မေတ္တာ ရပ်ခံခဲ့သည်။
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က စာရေးသား ပေးပို့ မေတ္တာ ရပ်ခံခဲ့ပြီး နောက်ပိုင်း ယခုလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာ (၉) ရက်နေ့တွင် တွေ့ဆုံခဲ့ကာ ယခုကဲ့သို့ အန်အယ်လ်ဒီမှ အသက်ရွယ်ကြီး ခေါင်းဆောင် (၃) ဦးကို ဂါရ၀ပြုခွင့်ရရှိခြင်းဖြစ်သည်။
ယမန်နေ့က တွေ့ဆုံခဲ့မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုအတွက် ပြင်ဆင်မှု လျှောက်လဲချက်နှင့်ပတ်သက်၍ အကျိုးဆောင် ရှေ့နေများက ရေးထားသည့် မူကြမ်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးပြီး အတည်ပြုချက် ရခဲ့သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “အဓိက ကတော့ ကျနော်တို့ တရားရုံးချုပ် အမှုကိစ္စပါပဲ။ (၂၁) ရက်မှာ လျှောက်လဲချက်တင်ဖို့ ရေးသား လျှောက်လဲချက်ကို အကုန်လုံး ဖတ်ပြီးတော့ မနေ့က အတည်ပြုချက် ရပါတယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment