မျိုးဝင်းဇော် | ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့တွင် ရွှေဂုံတိုင် အထူးကုဆေးခန်း၌ အထက်တန်း ကျောင်းသူ မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု ဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံ ဆေးကောင်စီက အရေးယူမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိက ဆေးရုံအချို့ လူနာ ငြင်းပယ်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။
ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် ကလေး မီးဖွားရန် တက်ရောက် နေသူ အမျိုးသမီး တဦးက “ကျမ အထူးကု ဆေးရုံရောက်ပြီး ဆေးရုံတက်ဖို့ ပြင်ဆင် နေချိန်မှာ အသက်ခပ်ကြီးကြီး လူနာတယောက် တွန်းလှည်းနဲ့ ရောက်လာတယ်။ သူတို့ စမ်းသပ် စစ်ဆေးတာတွေ၊ လူနာ မှတ်တမ်းယူတာတွေ လုပ်ကြတယ်။ နောက်တော့ ဘာကြောင့်လဲ မသိဘူး လက်ခံကုသ မပေးဘဲ ငြင်းလွှတ်လိုက်တာ မြင်ရတယ်” ဟု ပြောသည်။
အလားတူ ဗဟိုစည် အထူးကုဆေးရုံတွင် ဆေးသွား စစ်ခဲ့သူ တဦးကလည်း ဆေးရုံတက်မည့် လူနာ (၂) ဦးကို ငြင်းပယ်သည်ကို မြင်ခဲ့ရကြောင်း၊ ယခင်က ယခုကဲ့သို့ အဖြစ်မျိုး မရှိကြောင်း ပြောသည်။
အဆိုပါကိစ္စ ရန်ကုန်မြို့မှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတခုကို စုံစမ်းကြည့်ရာ ၎င်းတို့ဆေးရုံအနေဖြင့် ရဲမှုခင်းနှင့် သက်ဆိုင်သည့် လူနာများ၊ ကုသပေးရန် အချက်အလက် မပြည့်စုံသည့် လူနာများကို တက်ရောက် ဆေးကုသခွင့် မပေးဘဲ ကျန် လူနာများကိုမူ လက်ခံကြောင်း ရှင်းပြသည်။

ရန်ကုန်မြို့မှ မျက်စိ အထူးကု ဆရာဝန်ကြီး တဦးက “ပုဂ္ဂလိက ဆေးရုံတွေဟာ အရင်က ရဲမှုခင်းက လွဲရင် လူနာ ငြင်းပယ်တယ် ဆိုတာမျိုး မကြားမိဘူး။ သူတို့ ချိတ်ဆက်ထားတဲ့ အထူးကု ဆရာဝန်ကြီးတွေ စုံသလောက် ရှိနေတယ်။ အခု မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုကို အပြစ်ပေး အရေးယူတာတွေ ရှိခဲ့ပြီးနောက် လူနာ ငြင်းပယ်တာတွေ ကြားလာရတာ။ ဒီ လူနာတွေ ကတော့ ငွေကြေး တတ်နိုင်ရင် နိုင်ငံခြားသွား၊ ဒါမှ မဟုတ် အစိုးရ ဆေးရုံတွေမှာ တက်ဖို့သာ ရှိတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ အစိုးရ ဆေးရုံများသည် ဆေးရုံ အဆောက်အဦနှင့် ဆရာဝန်များသာရှိပြီး ဆေးမရှိကြောင်း နာမည်ကြီးပြီး ဆေးရုံ တက်သူများက ပတ်တီး၊ ဂွမ်းလိပ်၊ အရက်ပျံကအစ ဆေးမျိုးစုံကို ကိုယ့်ငွေဖြင့် ကိုယ်ဝယ်ယူပြီး ဆေးရုံတက် ကုသခံကြရသည်ဟု လူပြောများသည်။
ထို့အပြင် ကြည့်ရှု ခွဲစိတ်မည့် ဆရာဝန်ကြီး၊ သူနာပြု၊ ဆေးစပ်သမား၊ လက်တွန်းလှည်း တွန်းသူ၊ ဓာတ်လှေကား မောင်းသူများကို ငွေပေးကြရသည့်အတွက် ငွေလည်းကုန် စိတ်လည်း အညစ်မခံနိုင်သည့် ငွေကြေး တတ်နိုင်သည့် ပြည်သူများက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတို့တွင် သွားရောက် ဆေးကုသကြခြင်းဖြစ်သည်။
အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် ဗိုက်နာသဖြင့် ရွှေဂုံတိုင် အထူးကုဆေးခန်း SSC သို့ သွားရောက် ကုသခဲ့ရာ ဆရာဝန်က အူအတက်ရောင် ရောဂါဟု ထင်မြင်ယူဆကာ ခွဲစိတ် ကုသခဲ့ပြီးနောက် သွေးလွန် တုပ်ကွေး ရောဂါ ပါလာသည်ဟု တာဝန်ကျ ဆရာဝန်ကပြောပြီး အောက်တိုဘာ (၂၇) ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှု အတွက် ပြည်တွင်း မီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြရာ ခွဲစိတ် အထူးကု ဆရာဝန် ဦးကြည်စိုးအား ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် (၅) နှစ် ပိတ်ပင်လိုက်ပြီး အဆိုပါ ဆေးခန်းအား လုံခြုံ စိတ်ချရသည့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ထားရှိရန် သတိပေးခဲ့သည်။
အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတို့က အခြေအနေ သိပ်မကောင်းသည့် လူနာများကို ငြင်းပယ် လာနိုင်သည့် အတွက် အစိုးရဆေးရုံသို့ ရောက်ကြရဦးမည် ဖြစ်ကြောင်း၊ အစိုးရ ဆေးရုံများကလည်း ညံ့ဖျင်းပြီး တာဝန်ယူမှု မရှိသည့် အတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေး ဆိုင်ရာ အခက်အခဲများ တွေ့ကြ ရဦးမည် ဖြစ်ကြောင်း မျက်စိ အထူးကု ဆရာဝန်ကြီးက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment