ဧရာဝတီ | စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် နိုင်ငံရေး လှုပ်ရှားသူ ကျောင်းသားများ ပြဒါးတလမ်း သံတလမ်း ဖြစ်ခဲ့ပြီးနောက် ယခု အချိန်တွင် ဘ၀တူများ ဖြစ်ကုန်ကြ၍ မိတ်ဆွေများ ဖြစ်နေကြ ပြီဟု မြင်းခြံထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးကပြောသည်။
“ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ တဖြည်းဖြည်း လျော့သွားတော့ ထောက်လှမ်းရေးတွေကို ကျနော်တို့နဲ့ ပေါင်း ထားလိုက်တာ”ဟု ၎င်းကဆိုသည်။
နိုင်ငံရေး အကျဉ်းသားများနှင့် အတူနေကြသည့် စစ်ထောက်လှမ်းရေး အရာရှိကြီးများမှာ ဗိုလ်မှူးချုပ် သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်တို့ ဖြစ်ပြီး၂၀၀၄ခုနှစ် အောက်တိုဘာလက အမျိုးသား ထောက်လှမ်း အဖွဲ့ကို ဖျက်သိမ်း ခဲ့ပြီးနောက် ပြစ်ဒဏ် ချမှတ်ခံရပြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါနိုင်ငံရေး အကျဉ်းသားဟောင်းကပြောသည်။

မြင်းခြံထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများကြားတွင် ထောက်လှမ်းရေး အဖွဲ့ ၀င်ဟောင်းများ နှင့် ပတ်သက်၍ မည်သို့ သဘောထား ဆက်ဆံမည်နည်း ဟူသည့် မေးခွန်အပေါ်သဘောထားတုံ့ပြန်ချက် ကွဲလွဲမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ ကြောင်းလည်းသိရသည်။
ယခင်က ထောက်လှမ်းရေး အဖွဲ့ဝင်များ နိုင်ငံရေးအကျဉ်းသားများ အပေါ်တွင် ထားရှိခဲ့သည့် သဘောထားကြောင့် နိုင်ငံရေး အကျဉ်းသားတချို့က မဆက်ဆံသင့်ကြောင်း၊ တချို့ကလည်း သူတို့ အားလုံးသည် ဘ၀တူ အကျဉ်းသားများ ဖြစ်လာကြသည့် အတွက် ဆက်ဆံရေး ထူထောင်ပြီး ကူညီသင့်သည်ဟု သဘောထားများ ရှိခဲ့သည်။ နောက်ပိုင်းတွင် ကူညီမှုများပေးရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
“အားလုံးဟာ လူသားတွေပဲလေ၊ ဒါကြောင့်လည်း လက်စားချေတာတွေ ဘာတွေ မလုပ်တော့ပါဘူး၊ သူတို့လည်း ဒုက္ခ ရောက်နေ ကြတဲ့ လူတွေပဲ”ဟုအဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။
ယခုအခါ မြင်းခြံထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားများက အဆိုပါ ထောက်လှမ်းရေးအရာရှိကြီး နှစ်ဦးကို တရားရှုမှတ် သောနည်း၊ တရားထိုင်သောနည်းများကို သင်ကြားပေး၍ အပြန်အလှန်အားဖြင့် ၎င်း စစ်အရာရှိကြီးများကလည်း နိုင်ငံရေး အကျဉ်းသားများကို အင်္ဂလိပ်စာကို သင်ကြားပေးနေသည်ဟု လက်ရှိ မြင်းခြံထောင်တွင် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသား တဦး၏ မိသားစုဝင် တဦးက ပြောသည်။
ယင်းအဖြစ်အပျက်သည် လူဆန်သည့် ဇာတ်ကြောင်း တခုကို ကိုယ်စားပြုနေ သကဲ့သို့ ဖြစ်နေသည်ဟု အဆိုပါ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်ကပြောသည်။
၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်း၍ အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်အားနေ အိမ်အကျယ်ချုပ် ၄၄နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောက်လှမ်းရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ရာထူး အဆင့်ရှိသူများ ဖြစ်သည့် မြင့်အောင်ဇော်၊ လှအောင်၊ ကျော်ဟန်၊ သန်းထွန်း၊ မြင့်ဇော်၊ ကျော်သိန်း၊ သိန်းဆွေ နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ခင်အောင်တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။
ဗိုလ်မှူးချုပ် သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင် အပါအ၀င် ၎င်းထောက်လှမ်းရေး အရာရှိကြီး ၃၈ဦးကို အကျင့်ပျက်ခြစားမှု များနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀မှ နှစ်၁၀၀ကျော် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
ဗိုလ်မှူးချုပ် သိန်းဆွေသည် ထောက်လှမ်းရေး အဖွဲ့၏ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ဌာနကြီးမှူး ဖြစ်ပြီး အစိုးရနှင့် နီးစပ် သည့် အပတ်စဉ်ထုတ် မြန်မာတိုင်းမ်စ် ဂျာနယ်၏ ထုတ်ဝေသူ တဦး အဖြစ် လူသိများ ခဲ့သူဖြစ်သည်။ ၎င်းသည်လည်း နိုင်ငံရေး အကျဉ်းသားများ နည်းတူ နယ်ဝေး ထောင်များသို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။
မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ လက်ရုံး တဆူဖြစ်ခဲ့သည့် နိုင်ငံခြားရေး ၀န်ကြီး ဦးဝင်းအောင်သည် အင်းစိန် ထောင်တွင်း၌ ကွယ်လွန်သွားခဲ့သည်။
source by : ဧရာဝတီ

0 comments:
Post a Comment