အောင်ကျော်မိုး | ရန်ကုန်မြို့တွင် အစည်ကားဆုံးဖြစ်သည့် ရုပ်ရှင်ရုံများရှေ့ ဗိုလ်ချုပ် လမ်းမကို အမှိုက်ရွေး ကွင်းပြင် အဖြစ် အသုံးပြုနေ၍ ပတ်ဝန်းကျင် နေသူများ အနံ့ဆိုးများဒဏ် မခံနိုင် ဖြစ်နေကြကြောင်း သိရသည်။
စည်ပင်သာယာ အမှိုက်သိမ်း ကားများသည် ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဘားလမ်း အကြား ရုပ်ရှင် ရုံများရှေ့ ဗိုလ်ချုပ် လမ်းမပေါ်တွင် အမှိုက်များကို သွန်ချကာ အမှိုက်ရွေး နေကြသည့် အတွက် အနီး ပတ်ဝန်းကျင်နေ လူများသည် အနံ့အသက်ဆိုး များကြောင့် အနှောင့်အယှက် ဖြစ်နေကြသည်။
ရန်ကုန်မြို့ (၃၆) လမ်း အထက် ဘလောက်တွင် နေထိုင်သူ တဦးက “နေ့ဘက်ဆိုရင်တော့ အမှိုက်ကားက (၃-၄) စီးလောက်ပဲ ရှိတယ်။ ညဘက် ရောက်ပြီ ဆိုတာနဲ့ (၅) စီးကနေ (၆) စီး အထက်ရှိတဲ့ အမှိုက်ကားတွေဟာ ရုပ်ရှင် ရုံတွေရှေ့ ဗိုလ်ချုပ် လမ်းမပေါ်မှာ အမှိုက်တွေကို လာသွန်ချတယ်။ နောက် အမှိုက်သိမ်းသမားတွေက အမှိုက်ထဲကနေ ပလတ်စတစ်တွေ၊ စက္ကူတွေ၊ ရေသန့်ဘူး၊ ပုလင်းခွံတွေ စတာတွေကို လမ်းပေါ်မှာ ရွေးကြတယ်။ ရွေးလို့ပြီးတော့မှ အမှိုက်တွေကို ကားပေါ် ပြန်တင်ကြတယ်။ အဲဒီအတိုင်း တညလုံးလုပ်နေတော့ အမှိုက်တွေက ထွက်လာတဲ့ အနံ့အသက်တွေကြောင့် ရပ်ကွက်ကလူတွေ မခံနိုင်ဘူး၊ အတော်လေးကို အနံ့ဆိုးတယ်” ဟု ပြောသည်။

ညဘက် တက္ကစီ ဆွဲစားသည့် တက္ကစီသမား တယောက်ကလည်း ညဘက် တက္ကစီဆွဲသည့် အချိန် ဗိုလ်ချုပ် လမ်းကို အခေါက်ခေါက် အခါခါ ဖြတ်ရကြောင်း၊ ရုပ်ရှင် ရုံများရှေ့ အမှိုက်ရွေးနေသည့် နေရာကို ဖြတ်တိုင်း ဆိုးရွားသည့် အနံ့အသက်များကြောင့် ခရီးသည်များရော ကားသမားပါ စိတ်အနှောင့်အယှက် ဖြစ်ကြရကြောင်း ပြောသည်။
အဆိုပါ အမှိုက်ရွေးရာကွင်းသည် ရန်ကုန်မြို့လယ်က ရွှေဂုံ၊ မြို့မ၊ ဆုထူးပန်၊ သွင်၊ ဘုရင်နှင့် ဝဇီရာ ရုပ်ရှင်ရုံများ၏ ရှေ့တည့်တည့် လမ်းတဖက်ခြမ်းတွင် ဖြစ်သည်။
တညလုံး အမှိုက်ကားများမှ သွန်ချထားသည့် အမှိုက်များ အနက် အညစ်အကြေးရည်များ လမ်းပေါ်မှာ စီးကျ ကျန်ရစ်ကြောင်း၊ ရေဆေးကြောခြင်းမျိုး မရှိသည့် အတွက် အနံ့အသက်များ မခံနိုင်အောင် ဆိုးရွားကြောင်း၊ အမှိုက်ကားများသည် နေ့ခင်းပိုင်းမှစ၍ နောက်တနေ့ နံနက်လင်းအားကြီးအချိန်အထိ အမှိုက်များကို ချ၊ ရွေး၊ ပြန်တင် လုပ်ကြ၍ ကျန်းမာရေးပင် ထိခိုက်လာနေကြောင်း ရွှေဂုံရုံ အောက်တွင် မုံ့ဆိုင် ဖွင့်ထားသူ တဦးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တွင်း သိမ်းဆည်းထားသည့် အမှိုက်များကို အမှိုက်ကွင်းရှိရာ လှိုင်သာယာဘက်သို့ တိုက်ရိုက်မသယ်ဘဲ ယခုကဲ့သို့ မြို့တွင်း အမှိုက်ရွေးနေရာတို့တွင် အမှိုက်များ သွန်ချပြီး ပြန်ရွေး နေကြခြင်း ဖြစ်သည်။
အမှိုက်များ ချပြီး ရွေးလေ့ ရှိသည့် နေရာတို့မှာ မြို့လယ်ခေါင် လူစည်ကားရာ နေရာများဖြစ်နေသည့်အတွက် မြို့နေ ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေပြီး မြို့ကိုလည်း ညစ်ညမ်းစေကြောင်း မြို့ခံများက ပြောဆိုနေကြသည်။
ယခင်က အနော်ရထာလမ်းပေါ်ရှိ (၃၈) လမ်းဈေးအနီးတွင် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချနေချိန်တွင်ပင် အမှိုက်များ ချ၊ ရွေး၊ ပြန်တင်ခြင်းတို့ လုပ်၍ ပြည်သူများက ပြည်ပရေဒီယိုတို့မှတဆင့် ကန့်ကွက်ခဲ့ကြဖူးသည်။
အချို့ အမှိုက်ကား မောင်းသူတို့မှာမူ အမှိုက်ရွေး နေရာသို့ မရောက်ခင် ကားမောင်းရာ လမ်းတလျှောက် ကားပေါ်၌ အမှိုက်ရွေး သမားတင်ပြီး ငွေရှာလေ့ ရှိသည့် အတွက် အမှိုက်ရွေးသည့် အမှိုက်သိမ်းသမားများ ကားပေါ်က ပြုတ်ကျပြီး သေဆုံးခြင်း၊ ကားပေါ် အမှိုက်ရွေးစဉ် ဓာတ်ကြိုးဖြင့် ငြိပြီးသေဆုံးခြင်း၊ အမှိုက်ကား၏ (Garbage Compactor) ညှပ်ပြီး သေဆုံးခြင်း စသဖြင့် နည်းပေါင်းစုံ သေဆုံးနေကြောင်းလည်း စည်ပင်ဌာန၏ ပြောပြချက်အရ သိရသည်။
ယခုကဲ့သို့ ရန်ကုန်မြို့၏ အထင်ကရ လမ်းမကြီးများပေါ်တွင် အမှိုက်များ ချပြီး ရွေးချယ်နေကြသည့် အလုပ်ကိုမူ အင်္ဂလိပ် အစိုးရခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်တလျှောက်လုံး မည်သူမှ မလုပ်ခဲ့ဖူးကြောင်း ရှေ့မီနောက်မီ ရန်ကုန်မြို့ခံများက ပြောဆို နေကြသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment