မျိုးချစ်သူ | ရန်ကုန်မြို့ရှိ လူကူး မျဉ်းကျား ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပြီး လူသေဆုံး ခဲ့ပါက ယာဉ်မောင်းအား သေဒဏ် အပြစ် ချမှတ်မည်ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက နိုဝင်ဘာ (၁၄) တွင် အမိန့် ထုတ်ပြန် ခဲ့ကြောင်း အနောက်ပိုင်း ခရိုင် မော်တော် ယာဉ်လိုင်းများ၏ တာဝန်ရှိသူ တဦးက ပြောသည်။
အဆိုပါ အမိန့်ကို နိုဝင်ဘာ (၁၅) ရက်တွင် ယာဉ်လိုင်း အသီးသီးရှိ ယာဉ်မောင်းအားလုံးကို အသိပေး ပြောကြားခဲ့သည်ဟု သိရသည်။
“အမိန့်က ပြင်းထန်လွန်းလို့ ကျနော်တို့ ယာဉ်မောင်းတွေ တနေ့ကို (၈) ကြောင်း ပြေးဆွဲ ဆိုရင် သေမင်းနဲ့ (၁၆) ခေါက်တွေ့နေရ တာပါ။ ဒီအမိန့်ကို ကြားလိုက်ရတဲ့ ယာဉ်မောင်း အားလုံး အတော်လေး စိတ်ဓာတ် ကျပြီးတော့ အလုပ်မလုပ်ချင် ဖြစ်သွားကြတယ်။ တချို့ဆိုရင် ဒီနေ့ အိမ်မှာပဲ နေကြတယ်” ဟု ငြိမ်းချမ်းရေး ယာဉ်လိုင်းတခုမှ ယာဉ်မောင်းတဦးက ပြောသည်။

လူကူး မျဉ်းကျားတွင် အရှိန်လျှော့ မောင်းရန် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယာဉ်မောင်းများကို သင်တန်းများ ပေးထားသော်လည်း ယာဉ် မတော်တဆမှုများ ရန်ကုန်တွင် အလွန်များလာသည့်အတွက် ယင်းအမိန့်ကို ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ယာဉ်ထိန်း အရာရှိတဦးက ပြောသည်။
ရန်ကုန်တွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ (၂၀၀) ကျော် ရှိနေသည့်အတွက် ယင်းသို့ အမိန့်သစ်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယာဉ်မောင်း တဦးကမူ “ယာဉ်မတော်တဆ တိုက်တယ်ဆိုတဲ့ နေရာမှာ အကြောင်းတွေ အမျိုးမျိုး ရှိကြပါတယ်။ ကျနော်တို့ကြောင့်ချည်း ဖြစ်တာ မဟုတ်ပါဘူး။ လမ်းကူး သူတွေကြောင့် ဖြစ်တာကများပါတယ်။ သူတို့ကို ရှောင်ရင်း တိမ်းရင်း ဖြစ်တာက များတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော် တို့လည်း မဖြစ်ချင်ပါဘူး။ ခုလို သေဒဏ် ဆိုတာကြီး ချမှတ်မယ် ဆိုတာလောက် ကျနော်တို့ ဘ၀ကို ချည်နှောင်တာ မရှိပါဘူး” ဟု ပြောသည်။
တရားရုံးချုပ် ရှေ့နေတဦးက “မိမိ မောင်းနေတာက လမ်းမှန်လို့ ဆိုရင်တော့ အယူခံဝင်လို့ ရနိုင်ပါတယ်။ မတော်တဆ ဆိုတဲ့ ကိစ္စရပ်ရဲ့ နောက်ကွယ်မှာ အမှန်နှင့် အမှားကို သေသေချာချာ ဝေခွဲဖို့ လိုပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယခုထုတ်ပြန်လိုက်သည့် အမိန့်အသစ်နှင့် အတူ ရန်ကုန်တိုင်း အတွင်း မောင်းနှင် နေကြသော ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အားလုံးအား သတ်မှတ်ဝတ်စုံ ၀တ်ဆင်ကြရန်လည်း ယင်းအမိန့်တွင် ပါရှိကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment