ရေတိုက်စားမှုကြောင့် ဘီလူးကျွန်းကမ်းရိုးတန်း မြေယာဧက (၁၀၀) ဝန်းကျင် နှစ်စဉ်ဆုံးရှုံး

Thursday, November 19, 2009 ·

ဝီရ | မိုးတွင်း ကာလ မြစ်ရေ တိုက်စားခြင်းကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တဖက်ကမ်း ဘီလူးကျွန်းမြို့နယ် ကမ်းရိုးတန်း တလျှောက်ရှိ စိုက်ပျိုးမြေ ဧက (၁၀၀) ဝန်းကျင်ခန့် နှစ်စဉ် ဆုံးရှုံး နေကြောင်း ကွင်းဆင်း လေ့လာသူများက ပြောသည်။

ရွာပေါင်း (၆၀) ကျော်တည် ရှိသည့် ဘီလူးကျွန်း မြို့နယ်တွင် ရေတိုက် စားမှုကြောင့် လယ်ယာစိုက်ခြံ ဆုံးရှုံးမှုများသည့် ကျေးရွာများမှာ ကျွန်း၏ မြောက်ပိုင်း ကလွီ၊ ဒိုင်းဝန်းကွင်း၊ ဒရဲကျေးရွာ ကမ်းရိုးတန်းတလျှောက်၊ မော်လမြိုင်မြို့နှင့် တဖက်ခြမ်းကျွန်း၏ အရှေ့ဘက် မုဒွန်၊ သက္ကော်၊ နတ်မှော်၊ အဘစ်၊ ကွမ်လှာရွာအထိ လယ်မြေများ ပါဝင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ လေ့လာရေး အဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “သံလွင်တံတား စဆောက်တဲ့ ၂၀၀၁ ခုနှစ် ကတည်းက ရေတိုက်စားတာ ပိုကြမ်းလာတယ်။ မိုးတွင်းအချိန် နှစ်တိုင်း မြစ်ရေ ကြီးတယ်။ ရေစီးကြောင်းက ပြောင်းသွားပြီး ရေစီးသန်တာကြောင့် အခုလို စဖြစ်တာ။ ကမ်းရိုးတန်းတလျှောက်က လယ်တွေ ဆိုရင် တနှစ်ကို လယ်တကွက်စာ ရေထဲပါတတ်တယ်။ ဒီနှစ်မှာလည်း ရေကြီးထားတော့ ဆုံးရှုံးသွားတဲ့ဧက အားလုံး ပေါင်းရင် (၁၀၀) တောင် မကဘူး။ ဒါ ကျနော်တို့သိထားတဲ့ စာရင်းအရပေါ့။ မနှစ်ကထက် ပိုများတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဘီလူးကျွန်းသည် သံလွင်မြစ်နှင့် မုတ္တမ ပင်လယ်ဝ စတင် ထိတွေ့ စီးဆင်းသည့် ကြားခံကျွန်းကြီးတကျွန်းဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည်။ ၎င်းကျွန်းတွင် လယ်မြေ ဧကပေါင်း (၃) သောင်းခန့် ရှိသည်။

ကျွန်း၏မြောက်ပိုင်း ဒရယ်ရွာသူတဦးက “ကျမတို့လယ်က မြစ်ကမ်းတလျှောက်မှာ ရှိတယ်။ ရေတိုက်လို့ ဆုံးခဲ့ရတဲ့ ဧက (၂၀) လောက်ရှိပြီ။ ကမ်းရိုးတလျှောက်ပေါ့။ ရေကြီးလို့ ရေစီးသန်တဲ့အချိန်ဆို ကိုယ့်လယ်မြေတွေပြိုနေတာ မြင်နေရပေမယ့် ဘာမှမတတ်နိုင်ဘူးလေ။ တရက် ရေကြီးရင် လယ်တကွက်စာတော့ ကုန်တယ်။ အရင်က ဒရယ်ရွာကနေ တဖက်ကမ်း ပေါင်မြို့နယ်ဘက်ကို ကူးရင် (၁) မိုင်တောင် မပြည့်ဘူး။ အခု ရေလမ်းက (၂) မိုင်တောင် ကျော်နေပြီ” ဟု ပြောကြားသည်။

ဘီလူးကျွန်းနှင့် မော်လမြိုင်မြို့ကြားမှ ပင်လယ်ဝသို့ အများဆုံး စီးဆင်းသည့် သံလွင်မြစ်ရေသည် သံလွင်တံတား တည်ဆောက်ပြီးနောက်ပိုင်း ရေစီးကြောင်းပြောင်းလဲကာ ပေါင်မြို့နယ်နှင့် ကျွန်းကြားဘက်သို့ ရေစီးဆင်းမှု များလာခြင်းကြောင့် ဒရယ်ရွာဘက်တွင် ယင်းကဲ့သို့ ရေတိုက်စားကာ မြေပြိုမှု များပြားလာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မော်လမြိုင်နှင့် မုတ္တမကို ဆက်သွယ်ထားသည့် သံလွင်တံတား (မော်လမြိုင်) ကို ၂၀၀၆ ခု ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ချင်းကပ်တံတားအပါအဝင် အကွာအဝေး (၄.၇၅) မိုင် ရှည်လျားပြီး မီးရထားနှင့် ကားလမ်းပါသည့် မြန်မာနိုင်ငံ၏ အရှည်ဆုံး တံတားတစင်း ဖြစ်သည်။

ထိုပင်လယ်ဝသို့ သံလွင်မြစ်သာမက ဂျိုင်း၊ အတ္ထရံမြစ်တို့နှင့်လည်း သံလွင်တံတား (မော်လမြိုင်) အပေါ်ဘက်တွင် ပေါင်းဆုံပြီး တံတားနှင့် ကျွန်း၏ အကွာအဝေးမှာ (၁) မိုင်ခွဲ ဝန်းကျင်သာ ရှိနေ၍ မြစ်ကြောင်း ကျဉ်းမြောင်း သောကြောင့် ရေစီးနှုန်း မြန်ကာ ကမ်းပါးကို ရေတိုက်စားမှု ပိုမို များပြားလာခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြေယာ ဆုံးရှုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်တို့က တစုံတရာ လာရောက် ကြည့်ရှုခြင်း မရှိခဲ့ဖူးကြောင်းနှင့် ကမ်းရိုးတန်း တလျှောက်ရှိ မြေယာများသည် အာမခံချက် မရှိ၍ ရောင်းချ သူများသော်လည်း ဝယ်လိုသူ မရှိကြောင်း သိရသည်။

ဒရယ်ရွာသူက “တချို့ ကမ်းနားရွာတွေ ဆိုရင် ရွာအတွက် ဆိုတော့ ဒီလို ရေတိုက် စားတာတွေ ကာကွယ်ဖို့ ဝိုင်းလုပ်ကြပေမယ့် ဒီလို လယ်ကွက်တွေ ကျတော့ ဘယ်သူမှ မလုပ်နိုင်ဘူးလေ။ ဒီလို ရေတိုက်စားလို့ ကုန်သွားရင် စိုက်ပျိုးခြံ ရှိတဲ့သူက ခြံဆက်လုပ်ပေါ့။ ဘာမှ မကျန်တဲ့သူ အများစုက တဖက်နိုင်ငံ ထိုင်းဘက်ကို မိသားစုအလိုက် အလုပ်သွားလုပ်ကြတာများတယ်။ ကမ်းနားက လယ်ယာ ပိုင်ရှင်တိုင်းက လယ်တကွက် မဟုတ်ရင် တဧက လောက်တော့ နှစ်တိုင်း လိုလို ဆုံးရှုံးရတယ်"ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */