သန်းထိုက်ဦး | ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော နာရေးကူညီမှု အသင်းကို မြောက်ဒဂုံ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အာဏာပိုင်များက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု ၎င်း အသင်း၏ တာဝန်ရှိသူ တဦးက ပြောသည်။
နာရေး ကူညီမှု အသင်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင် သာယာက အသုံးပြုခွင့် အမိန့်မရဘဲ အဆောက်အဦးကို အသုံးပြုသည်ဟု စွပ်စွဲ၍ တရားစွဲဆိုရန် ယမန်နေ့က အမှု ဖွင့်ထားကြောင်း နာရေး ကူညီမှု အသင်း ဦးဆောင်သူ တဦး ဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။
“မနေ့က တရားရုံးမှာ အမှုဖွင့်ဖို့ ခေါ်တယ်၊ ကျနော်က မသွားဘူး၊ မန်နေဂျာကို လွှတ်လိုက်တယ်၊ အဲဒီ မန်နေဂျာ ကို လွှတ်လိုက်တော့ ဟိုကတရားသူကြီးက မန်နေဂျာနဲ့ မပြီးဘူးပေါ့လေ၊ တရားစွဲခံရမယ့် လူကိုယ်တိုင် (ဦးကျော်သူ)ပါမှဆိုပြီးတော့ အမှုဖွင့်လိုက်တယ်”ဟု ၎င်း က ပြောသည်။
နာရေးကူညီမှု အသင်း၏ အဆောက်အဦးကို စည်ပင် ခွင့်ပြုချက်ဖြင့် တည်ဆောက် ခဲ့သော်လည်း ခြံဝင်း ရှေ့တွင် ရေမြောင်း မတူးသည့် အတွက် မြောက်ဒဂုံ မြို့နယ်ရှိ စည်ပင်က ယခုကဲ့သို့ တရားစွဲဆိုရန် အမှုဖွင့်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဦးကျော်သူ (ဓာတ်ပုံ - Freedom News Group) |

ယခု အမှုနှင့် ပတ်သက်၍ ဆေးခန်း အဆောက်အဦး ပိတ်ပင် လိုက်ပါက လက်ရှိ ဆေးဝါး လာရောက် ကုသနေသော လူနာများ အတွက် အခက်အခဲ ရှိကြောင်း၊ ဆေးကုသမှု လုပ်ငန်းကို ရပ်ဆိုင်း၍ မရကြောင်းလည်း ဦးကျော်သူက ပြောသည်။
“ဆေးခန်းကို ရပ်ခိုင်းရင် အကုန် ဒုက္ခရောက်ကြမှာပဲ၊ မရပ်ခိုင်းဘဲနဲ့ ထောင်ချရင်လည်း ကျနော် လိုက်သွား လိုက်ရုံပဲ ဒါပဲ ရှိတယ်”ဟု ၎င်းက ဆိုသည်။
ယင်း ဆေးခန်းတွင် လာရောက် ကုသနေသော လူနာ စုစုပေါင်း ၂၀၀ ခန့် ရှိကြောင်း သိရသည်။
နာရေး ကူညီမှု အသင်းသည် ယခင်က သင်္ဃန်းကျွန်း မြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီး ကျောင်းတိုက်တွင် အခြေ စိုက်ကာ အခမဲ့ နာရေး ၀န်ဆောင်မှု ပေးခဲ့ရာမှ မြို့နယ်စည်ပင် အာဏာပိုင်များက ပိတ်ပင်ခဲ့သည့်အတွက် လွန်ခဲ့သည့် ဇူလိုင်လတွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်း ပေးခဲ့ရခြင်း ဖြစ်သည်။
နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့်ရုပ် ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်းတိုး ချဲ့ဖွင့်လှစ်ခဲ့သည်။ ၎င်း အသင်းအား ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ ကူညီခြင်းဖြစ် သည်။
ယင်းဆေးခန်းတွင် မျက်စိအထူးကု၊ အရိုးအကြော၊ မီးယပ်နှင့်သားဖွား၊ ကလေးအထူးကု၊ အရေပြား၊ သွား အထူး ကု ဆရာဝန်နှင့် အထွေထွေ အထူးကု ဆရာဝန် စသည့် ဆရာဝန်များရှိပြီး အထွေထွေ ရောဂါများအပြင် အသေး စား ခွဲစိတ် ကုသမှုများပါ ဆောင်ရွက် ပေးလျက် ရှိသည်။
၂၀၀၆ ခုနှစ် သြဂုတ်လတွင် နာရေး ကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဦးဆောင် ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ် ပတ်လည် အခမ်းအနားသို့ တက်ရောက် ခဲ့သည့် နောက်ပိုင်း နာရေး ကူညီမှု အသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်း ဖော်ပြခြင်း မပြုသည့် အပြင် အာဏာပိုင် များက အနှောင့်အယှက် များပေးခဲ့သည်။
source by : ဧရာဝတီ

0 comments:
Post a Comment