ဝီရ | မြဝတီမြို့မှ ရန်ကုန် စက်မှုဇုန်များသို့ လိုင်စင်မဲ့ကား တင်ဆောင် လာသည့် (၂၀) ဘီးကားတစီး ပဲခူးမြို့အဝင် လမ်းမ တနေရာတွင် တိမ်းမှောက်သွားရာ သက်ဆိုင်ရာအာဏာပိုင်တို့က အခင်း ဖြစ်ပွား ခဲ့သည့် အဆိုပါ (၂၀) ဘီးကားနှင့် အတူ ကားပေါ်တွင် တင်ဆောင် လာသည့်ကား (၆) စီးကို သိမ်းယူလိုက်ကြောင်း စုံစမ်းသိရှိရသည်။
“အဲဒီကားက မြဝတီမှာ ကားအရောင်းအဝယ် လုပ်နေသူ တဦးရဲ့ ကားတွေဖြစ်တယ်။ အဲဒီကားပေါ်မှာ မြဝတီက ခယက အဖွဲ့ ကိုယ်စားလှယ် တဦးလည်း ပါတယ်။ ကားတွေကို သိမ်းလိုက်တော့ ပြဿနာက ကြီးသွားတာပေါ့” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကားတင်ပို့သူတဦးက ပြောသည်။
ထိုကားကြီးသည် စက်တင်ဘာ (၂၇) ရက် ညပိုင်းတွင် တိမ်းမှောက် သွားခြင်း ဖြစ်ပြီး အသိမ်းခံ လိုက်ရသည့် လိုင်စင်မဲ့ ကားအသေးများမှာ တစီးလျှင် ကျပ်သိန်း (၅၀) မှ သိန်း (၁၀၀) ကျော်အထိ တန်ဖိုးရှိသည့် ဖင်ကောက် Corolla ၊ မက်တူးနှင့် ပရာဒိုကားများ ပါဝင်ကြောင်း အဆိုပါကားတင်ပို့သူက ပြောသည်။

ယခုကားများ တင်သွင်းသူသည် မြဝတီတွင် အသစ်ရောက်လာသော ခယက ခရိုင်မှူးနှင့် နားလည်မှုယူ၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း မြဝတီ ကားပွဲစားအသိုင်းအဝိုင်းက ပြောသည်။
“ဒါတွေကို နားလည်မှုတွေနဲ့ပဲ အဆင့်ဆင့်လုပ်တာဖြစ်ပေမယ့် အခုလို ကားမှောက်သွားတော့ အကုန် ပေါ်ကုန် တာပေါ့။ အခု မှောက်သွားတဲ့ကားပေါ်မှာ Honda ဆိုင်ကယ်တွေလည်း ကြားညှပ်ပြီး ပါသေးတယ်။ အခု ကားတွေ ပြန်မရလည်း ကားသွင်းသူအနေနဲ့ ဘာမှဖြစ်မသွားဘူး။ အခုပြဿနာက ဒီလို ထပ်လုပ်လို့မရမှာဘဲ ကြောက်တာ။ ဒီလုပ်ငန်းတွေ ပိတ်ခံရမှာ ကြောက်နေကြတာ။ ဒီလုပ်ငန်းတွေမှာ နအဖ အာဏာပိုင်တွေ ကိုယ်တိုင် ပါနေတာ ဆိုတော့ အရေးယူဖို့ ကလည်း မလွယ်ဘူးလေ” ဟု မြဝတီမြို့မှ ကားပွဲစားတဦးက ပြောသည်။
ထိုကဲ့သို့ ကားကြီး တိမ်းမှောက်မှု ဖြစ်ပွားကာ ကားများ အသိမ်းခံရပြီး နောက်ပိုင်းတွင် အလားတူ (၂၀) ဘီးကားဖြင့် ရန်ကုန်သို့ လိုင်စင်မဲ့ကားများ ပို့ဆောင်သည်ကို မတွေ့ရတော့ဘဲ အပစ်ရပ် အဖွဲ့အစည်းများနှင့် နအဖ အာဏာပိုင်တို့က တစီးချင်းစီ ကိုယ်တိုင် မောင်းပို့မှုများသာ တွေ့ရကြောင်း အခြား ကားပွဲစား တဦးက ပြောသည်။
၎င်းက “အဲဒီလို ဘီး (၂၀) ကားကြီးနဲ့ အလုံးအရင်း ပို့မယ်ဆိုရင် မြဝတီ-ရန်ကုန် တလျှောက်မှာရှိတဲ့ ဂိတ်ကြီးတွေဖြစ်တဲ့ မြ၀တီ စီးပွားရေးဇုန်က စုပေါင်းဂိတ်၊ သင်္ကန်းညီနောင်အလွန် နအဖ စစ်တပ်ဂိတ်၊ ဘားအံတံတား (သံလွင်) ဂိတ်နဲ့ ဘုရားကြီးဂိတ် ခေါ် ဝေါ်ဂိတ်တွေကို ကျပ် (၅) သိန်းစီပေးရပြီး ကျန်တဲ့ဂိတ်အသေးတွေကို (၁) သိန်းစီပေးရလို့ တွက်ခြေကိုက်ပြီး စရိတ်စကလည်း သက်သာ တယ်လေ” ဟု ရှင်းပြသည်။
ဂျပန်အကျနှင့် သက်တမ်း ကုန်ဆုံးသည့် ထိုင်းနိုင်ငံထုတ် ကားများကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံ တဖက်ကမ်း မဲဆောက်မြို့မှ မြဝတီ မြန်မာဘက်ကမ်းသို့ရောက်ရန် တာဝန်ယူပြီး တဆင့်ရောင်းချကာ ရန်ကုန်သို့ တင်သွင်း နေခြင်း ဖြစ်သည်။
source : ခေတ်ပြိုင်

0 comments:
Post a Comment