အောင်ကျော်မိုး | ရန်ကုန်မြို့ရှိ အကြီးဆုံး ကုန်စိမ်းဈေး ဖြစ်ပြီး အလှူအတန်း ရက်ရော လှသည့် သီရိမင်္ဂလာ ဈေးသည် ယခုနှစ် အတွက် ကထိန် ခင်းနိုင်မည် မဟုတ်ကြောင်း ဈေးကော်မတီဝင် တဦးက ပြောသည်။
၎င်းက “သက်ဆိုင်ရာက ကျနော် တို့ကို ညွှန်ကြားထားတယ်။ (၂) နှစ်ကို တကြိမ်ပဲခင်းပါဆိုပြီး၊ ဒီအတွက် ဒီနှစ် ကထိန် မခင်းဖြစ်တာပါ။ နောက် ဈေးသူဈေးသားတွေလည်း ဒီနှစ် စီးပွားရေးမကောင်းကြတော့ ကထိန်ခင်း ဖြစ်ရင်တောင် ဟိုးအရင် နှစ်တွေလို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဖြစ်မယ်မထင်ဘူး” ဟု ပြောသည်။
အဆိုပါ သီရိမင်္ဂလာ ကုန်စိမ်းဈေးသည် ဈေးစတင် ဖွင့်လှစ်သည့် နှစ်မှစပြီး နှစ်စဉ် ကထိန် ခင်းခဲ့ကာ လွန်ခဲ့သည့် ၂ဝဝ၇ ခုနှစ် သံဃာ့ အရေးအခင်း ပေါ်ပေါက်သည့် နှစ်တွင်မူ သက်ဆိုင်ရာ အာဏာပိုင်များက ကထိန် ခင်းခြင်း မပြုရန် တားမြစ်ခဲ့သည်။

ထို့နောက် ၂ဝဝ၈ ခုနှစ်တွင် ကျပ်သိန်း (၅ဝဝ) ကျော် အကုန်အကျခံ ကထိန် ခင်းခဲ့ကြောင်း၊ ယခု ၂ဝဝ၉ ခုနှစ် အတွက်ကိုမူ ကထိန်ခင်းခြင်း မပြုရန် တားမြစ်ထားပြီး တနှစ်ခြားသာခင်းရန် ညွှန်ကြား ခဲ့ကြောင်း အဆိုပါ ဈေးကော်မတီဝင် က ပြောသည်။
(ဂ) ရုံမှ ကုန်စိမ်း ကုန်သည် တဦးက “ကျနော်တို့ ဈေးဟာ သံဃာတွေ အပေါ် အတော်လေးကို အလှူ ရက်ရောတယ်။ တနှစ် မပျက် ကထိန်ခင်းတယ်။ တပတ်တကြိမ် ကြာသပတေးနေ့တိုင်း သံဃာအပါး (၃,ဝဝဝ) လောက်ကို ဆွမ်းလောင်းတာ ခုဆို (၈၉၇) ကြိမ်တောင် ရှိခဲ့ပြီ။ သံဃာ့အရေးအခင်းပြီးနောက် သီတဂူဆရာတော်ကို ပင့်ဖိတ်ပြီး အလွန်ကြီးကျယ်တဲ့ တရားပွဲကို ဒီဈေး အပေါ်ထပ်မှာပဲ လုပ်ခဲ့တယ်။ အဲဒီအချိန်က အက်စ်ဘီတွေ၊ စရဖတွေ၊ ရဲတွေ ဆက်သွယ်ရေးစက် ကိုယ်စီကိုင်ပြီး ဆရာတော် တရားဟောတဲ့ အနားကနေ လာထိုင်စောင့်ခဲ့ကြတယ်။ ဒီလို အလှူအတန်း အစဉ်အလာရှိတဲ့ဈေးကို သံဃာတော်တွေကို မလှူနိုင်အောင် လုပ်တာမျိုးတော့ မကောင်းပါဘူး” ဟု ပြောသည်။
ယခုနှစ်တွင် သီရိမင်္ဂလာဈေးမှ ကုန်သည်တိုင်းလိုလို စီးပွားရေး မကောင်း ကြကြောင်း၊ ရာသီပေါ် သီးနှံများ ဖြစ်သည့် ပန်းသီး၊ နာနတ်သီး၊ လိမ္မော်သီး ပေါ်သည့် ကာလ များကလည်း အရှုံးပေါ် ကြကြောင်း သိရသည်။
ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက် တတိုက်တွင် သီတင်းသုံးသည့် သံဃာ တပါးကမူ ယခုကိစ္စကို အာဏာပိုင်များ အနေဖြင့် မလုပ်သင့် မလုပ်ထိုက်ကြောင်း၊ သံဃာကို လာဘ်လာဘ ပိတ်ပင်ခြင်း မျိုးဖြစ်၍ အပြစ် ရှိကြောင်း ပြောဆိုသည်။
အဆိုပါ သီရိ မင်္ဂလာဈေးသည် ဆိုင်ခန်း ကြီးငယ် စုစုပေါင်း (၂,၁၇၂) ခန်းရှိသည့် ဈေးကြီး ဖြစ်ကြောင်း စုံစမ်းသိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment