ရန်ပိုင် | ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ် တလျောက် ခြံစည်းရိုး ကာရံမှု အတွက် ဒေသခံ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ် မောင်းတော မြို့ အခြေစိုက် စစ်တပ်မှ အဓမ္မ ခေါ်ယူ ခိုင်းစေ နေကြောင်း သိရသည်။
“မလုပ်မနေရ ခေါ်သုံးတာ၊ တရွာကို ခွဲတမ်း၂ ယောက် ပေးနေရတယ်”ဟု ဒေသခံတဦးက ပြောသည်။
ယင်းဒေသတွင် အလုပ်သမား တဦး၏ တနေ့ အတွက် လုပ်ခသည် ၂၅၀၀ ကျပ် ရှိသော်လည်း စစ်တပ်မှ တရက် လုပ်ခ ၅၀၀ ကျပ် သာပေးပြီး တနေ့လျှင် ခွဲတမ်းဖြင့် လူ ၂၀၀ ခန့် လုပ်ကိုင်နေရသည်ဟု ရိုဟင်ဂျာ အရေး ဆောင်ရွက်နေသည့် Arakan Project မှ ဆက်သွယ် ညှိနှိုင်းရေးမှူး ခရစ္စလေးဝါး ကလည်း ဆိုသည်။

ထိုဒေသတွင် ရွာ အနည်းငယ်သာ ရှိသောကြောင့် ဒေသခံများ အနေဖြင့် ၃ ရက်ခန့်တွင် တကြိမ် လုပ်အားပေး နေရပြီး မိမိတို့၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများကို မလုပ်နိုင်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက် ပြေးမှုများ ရှိကြောင်း သိရသည်။
“တိုင်းပြည် အကျိုးပြု စေတနာ လုပ်အားပေးလို့ ခေါင်းစဉ် တပ်ပြီးတော့ ခိုင်းနေတာ၊ အဓမ္မ လုပ်အားပေး မဟုတ်ဘူး လို့ စစ်တပ်က ပြောတယ်”ဟု အထက်ပါဒေသခံက ပြောသည်။
ယခင်က လုပ်အားပေး ခိုင်းစေခြင်း များကို တောင်ကုတ်နှင့် အမ်းမြို့နယ်များ အတွင်း မှ ပြည်သူများအား ခေါ်ယူ ခိုင်းစေရာ စားဝတ် နေရေး အခက်အခဲကြောင့် ထွက်ပြေးမှု များပြားသည့် အတွက် ဒေသခံများကို ခိုင်းစေခြင်း ဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။
“အဓမ္မ ခိုင်းစေမှု ကျင့်သုံးခြင်းသည် တရား မ၀င်ကြောင်း မြန်မာအစိုးရက အမိန့်ထုတ်ပြန် ထားပါတယ်”ဟု အပြည် ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့(ILO)မှ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိ(ဖ်) မာရှယ်က Bi Weekly Eleven ဂျာနယ်နှင့် တွေ့ဆုံမှု တခုတွင် ပြောဆိုထားသည်။
ထိုနယ်စပ် ဒေသ တလျောက် ခြံစည်းရိုး ကာရံသည့် စီမံကိန်းကြောင့် ဒေသခံများ အနေဖြင့် ပစ္စည်း ဥစ္စာ ဆုံးရှုံးမှုများ ရှိကြောင်း၊ ဒေသ အတွင်းရှိ တောင်ပြိုဝေး ရွာသည် ခြံစည်းရိုးကာရံမှုနှင့် နီးကပ်သည့် အတွက် ပြောင်းရွှေ့ ခံရနိုင် ကြောင်း စစ်တွေမြို့ခံ တဦးကလည်းပြောသည်။
“ခြံစည်းရိုးနဲ့ မလွတ်လို့ ဒေသခံတွေ ပုစွန်ကန် ဧက ၂၅၀ လောက် အသိမ်းခံထားရတယ်” ဟု ၎င်းမြို့ခံကပြော သည်။
ယခုအခါ ထိုဒေသတွင် လုံခြုံရေးအတွက် တပ်ရင်း ၅ ရင်းက တာဝန်ယူထားကြောင်း၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း များဖြစ်သည့် ခလရ ၂၃၃၊ ခလရ ၂၃၄၊ ခလရ ၃၄၄ တို့သည် အမြဲတမ်း အခြေစိုက်ထားကြောင်း သိရသည်။
ထိုခြံစည်းရိုးကာရံခြင်းကို ပြီးခဲ့သည့် မတ်လက စတင်ခဲ့ပြီး မိုးတွင်းကာလတွင် ရပ်နားထားခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက် နေ့တွင် ပြန်လည် စတင်၍ လာမည့် ၂၀၁၀ခုနှစ် အတွင်း အပြီးသတ်နိုင်ရန်အတွက် လုပ်ဆောင်နေကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်သည် ကီလိုမီတာ ၃၂၀ရှည်လျားပြီး နတ်မြစ် တလျောက်သည် မှောင်ခို ကုန်ကူးမှု များ နှင့် ရိုဟင်ဂျာများ တရားမ၀င် ကူးသန်းမှု ပြုလုပ်ရာ လမ်းကြောင်း ဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထား သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားမြို့ အနီးတွင် ဒုက္ခသည်စခန်း ၂ခုရှိပြီး မှတ်ပုံ မတင်ရသေးသည့် ရိုဟင်ဂျာ ဒုက္ခသည် ပေါင်း ၄၀၀၀၀၀ ခန့် နေထိုင်သည်ဟု ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အစီရင် ခံစာများ အရသိရသည်။
source by : ဧရာဝတီ

0 comments:
Post a Comment