မျိုးချစ်သူ | ရန်ကုန်တွင် ဆေးလိပ် ပရိုမိုးရှင်းများ ပိုမိုကျယ်ပြန့်လာပြီး တန်ဆောင်တိုင် ပရိုမိုးရှင်းအဖြစ် လက်ဖက်ရည်ဆိုင် အပါအ၀င် စားသောက်ဆိုင်တို့တွင် မီးပုံးများနှင့်အတူ ချိတ်ဆွဲပြသ ရောင်းချလျက် ရှိကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ အနှံ့ရှိ လက်ဖက်ရည်ဆိုင် များတွင် ပရိုမိုးရှင်း များကို ကျယ်ပြန့်စွာ ပြုလုပ်လျက် ရှိကြောင်း ကျောက်တံတားမြို့နယ် အတွင်း နေထိုင်သည့် အလယ်တန်းပြ ကျောင်းဆရာမတဦးက ပြောသည်။
၎င်းက “ကျမတို့နေတဲ့ (၃၈) လမ်းမှာ အပြာနဲ့အနီ တဖက်စီနဲ့ (Blue Red ) စီးကရက်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လာဖြန့်နေတယ်။ နောက်ပြီးတော့ ရူဘီ စီးကရက်ကလည်း သူတို့စီးကရက်ကို မီးပုံးတွေမှာ ချိတ်ဆွဲပြီးတော့ အလှတပ်ဆင် ပြသပြီးတော့ ပရိုမိုးရှင်းတွေ လာလုပ်တယ်။ အစိုးရကတော့ လူငယ်တွေဆေးလိပ် ပိုသောက် လာတာကို မျက်ကွယ် ပြုနေတာနဲ့ တူတယ်။ အခု (၈) တန်း လောက်ရောက်တဲ့ ကျောင်းသားတိုင်း နီးပါး စီးကရက် သောက်တတ် နေကြပြီ။ သူတို့မှာ စမ်းသပ်ဖို့က လွယ်ကူတယ်လေ။ အဲဒီကတဆင့် မူးယစ်ဆေး စတင်တာပဲ။ ဆရာမတို့ကတော့ ကျောင်းမှာ စည်းကမ်းတကျ ထားပေမယ့် ကလေးတွေက အပြင်မှာ စီးကရက်နဲ့ တခြား မူးယစ်ဆေးတွေကို ၀ယ်ရလွယ်ကူတဲ့အတွက် စမ်းသပ် သောက်သုံး နေကြတာပဲ” ဟု ပြောသည်။

ရူဘီ စီးကရက်မှာ လက်ရှိ ဈေးကွက်တွင် အရောင်းရဆုံး စီးကရက် ဖြစ်နေသော်လည်း ယခု ရက်ပိုင်း အတွင်း လန်ဒန် စီးကရက် အမှတ်တံဆိပ် ထုတ်လုပ်သော စက်ရုံမှ Blue Red စီးကရက်တခု အသစ် ထပ်မံ ထွက်လာကြောင်း ရန်ကုန် မြို့လယ်ရှိ လက်ဖက်ရည်ဆိုင် တဆိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်း တိုးတက်အောင်မြင်နေပြီး ဆေးလိပ်သောက်သုံးမှု လျော့ကျသွားသည်ဟု စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာနေသော်လည်း ယခုကဲ့သို့ စီးကရက်ပရိုမိုးရှင်းများကြောင့် ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းကို များစွာအဟန့်အတား ဖြစ်စေကြောင်း အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။
၎င်းက “ရန်ကုန်မြို့မှာ ဆေးလိပ်ရောင်းအား ကျဆင်းမသွားဘူးဆိုတာကို လက်ဖက်ရည်ဆိုင်တွေက သက်သေပြနေတာပဲ။ ဒါကို ထိန်းချုပ်ဖို့ဆိုတာ အစိုးရအာဏာပိုင်တွေက ဆောင်ရွက်ရမှာဖြစ်တယ်။ နည်းလမ်းရှာရမှာပေါ့။ အခုဟာက လွှတ်ပေးတာနဲ့ တူနေတယ်” ဟု ပြောသည်။
ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်းတွင် ဆေးလိပ်နှင့်ပတ်သက်သော ကြော်ငြာများ လုံးဝမကြော်ငြာရသည့်အပြင် လက်ကမ်းကြော်ငြာ ပေးဝေခြင်း၊ တနည်းနည်းဖြင့် ကြော်ငြာခြင်းတို့ကိုလည်း အဆိုပါဥပဒေအရ အရေးယူမည်ဟု စည်ပင်သာယာက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စည်ပင်မှ အရာထမ်းတဦးက “စီးကရက်တွေကို ကျနော်တို့စည်ပင်နယ်နိမိတ်တွင်းမှာ နည်းမျိုးစုံနဲ့ ကြော်ငြာရောင်းချတာမျိုးကို လက်မခံဘူးလို့ ညွှန်ကြားထားပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စဟာ ကျနော်တို့ စည်ပင်တခုတည်း လုပ်လို့ရတာမဟုတ်ဘူး၊ ကျန်းမာရေးနဲ့ အာဏာပိုင်တွေ ပါဝင်ရမယ့်ကိစ္စဖြစ်တယ်” ဟု ပြောသည်။
ယင်းသို့ အရေးယူမည်ဟု သတင်းထုတ်ပြန်သော်လည်း စီးကရက်ကုမ္ပဏီများက ရန်ကုန်ဈေးကွက်အတွင်း မားကက်တင်းဆင်းကာ စီးကရက်ရောင်းအားမြှင့်တင်ခြင်း ပြုလုပ်မြဲပြုလုပ်လျက်ရှိကြောင်း ဗီးဂက်စ်စီးကရက် ပရိုမိုးရှင်း ပြုလုပ်နေသော ၀န်ထမ်းအမျိုးသားတဦးက ပြောသည်။
ရန်ကုန်မြို့တွင်း လက်ဖက်ရည်ဆိုင်အားလုံးနီးပါးတွင် ဆေးလိပ်မရောင်းသည့်ဆိုင် မရှိသလောက်ဖြစ်ပြီး အမျိုးအစားများစွာ ရောင်းချလျက်ရှိကြောင်း၊ ယခု နောက်ဆုံးထွက်သည့် Red Blue တံဆိပ်စီးကရက်မှာ ဈေးကွက်ကို စတင်နေခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ရန်ကုန်ပရိသတ်ကြိုက် စီးကရက်များမှာ လန်ဒန်၊ ရက်ရူဘီ၊ ဗီးဂက်စ်၊ ဗွီအနီတို့ဖြစ်ပြီး ရက်ရူဘီနှင့် ဗီးဂက်စ် တတောင့်လျှင် (၅,၀၀၀) ကျပ် ၀န်းကျင်၊ ဗွီအနီတတောင့်လျှင် (၄,၅၀၀) ကျပ်ဝန်းကျင် အသီးသီးရှိကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့အတွင်း လက်ဖက်ရည်ဆိုင်တို့တွင် ဆေးလိပ်များ အလွယ်အကူဝယ်ယူနိုင်သည့်အတွက် ကျောင်းသား လူငယ်များ အတွင်း ဆေးလိပ်သောက်သုံးသူ များနေသကဲ့သို့ ချောင်းဆိုးပျောက်ဆေးအရည်များနှင့် စိတ်ကြွဆေးကဲ့သို့ ယစ်မူးစေရန် ဖော်စပ် ထားသည့် မူးယစ်ဆေးမှုန့် သုံးစွဲသူများလည်း များပြားလျက်ရှိကြောင်း မြို့ခံများက ပြောကြသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment