ဝီရ /
NEJ
မလေးရှားနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးမှုနှုန်း မြင့်မားလာသဖြင့် လုပ်ငန်းအချို့ ရပ်နားထားသည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားအလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူအနောက်ဘက် စလန်ဂေါ်မြို့တွင် A (H1N1) တုပ်ကွေးရောဂါကြောင့် ပြီးခဲ့သည့် သီတင်းပတ်မှစ၍ လုပ်ငန်းများ ရပ်ဆိုင်းထားရာတွင် မြန်မာနိုင်ငံသားအများစု အလုပ်လုပ်နေသည့် စက်ရုံအလုပ်ရုံများလည်း ပါဝင်ခဲ့သည်။
စလန်ဂေါ်မြို့ ဆောက်လုပ်ရေးလုပ်ငန်းတခုမှ မြန်မာအလုပ်သမားတဦးက “ကျနော်တို့ လုပ်တဲ့ဆိုက် (Site) က လူတုပ်ကွေး ကူးစက်တဲ့လူတွေရှိလို့ လုပ်ငန်းရပ်ထားတာ (၂) ပတ်ရှိပြီ။ ဒီမှာလုပ်တဲ့ အလုပ်သမား (၁၀၀) ကျော်မှာ မြန်မာ (၅၀) ကျော် ရှိတယ်။ ကျနော်တို့အားလုံး ဒီရောဂါအတွက် သံသယရှိတဲ့လူတွေအနေနဲ့ အပြင်မထွက်ခိုင်းဘူး။ Quarantine စီမံချက်အနေနဲ့ အထဲမှာပဲ နေနေရတာ။ မနေ့ကမှ ရောဂါမရှိဘူးဆိုပြီး ကျနော် အပြင်ထွက်ခွင့်ရတယ်။ ဆိုက်ထဲမှာ လုပ်တဲ့လူအားလုံးကို ရောဂါစစ်တယ်။ မြန်မာနိုင်ငံကလူတွေ ရောဂါဖြစ်တဲ့အထိတော့ မတွေ့သေးဘူး။ ဒါပေမယ့် ဝင်ငွေမရှိတော့ ဒီလအတွက် အကုန်လုံး အခက်အခဲဖြစ်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါဆောက်လုပ်ရေးလုပ်ငန်းအား ပြန်လည်စတင်ရန် မသေချာသေးကြောင်းနှင့် အများစုမှာ အကြွေးတင်နေပြီး အချို့လူများက နေရပ်မြန်မာနိုင်ငံပြန်ရန် စီစဉ်နေကြကြောင်း သိရသည်။
၂၀၀၉ ခု မေလတွင် A (H1N1) တုပ်ကွေး စတင်တွေ့ရှိခဲ့သည့် မလေးရှားနိုင်ငံတွင် ယခုအချိန်အထိ ကူးစက်ခံရသူပေါင်း (၃,၈၅၀) ဦးအနက် (၆၄) ဦး သေဆုံးပြီးဖြစ်ကြောင်း မလေးရှားကျန်းမာရေးဌာနက သြဂုတ် (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။
ကွာလာလမ်ပူ လေဆိပ်အနီး ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် A (H1N1) တုပ်ကွေးကူးစက်ခံရသူ (၉) ဦးအနက် (၄) ဦးမှာ မြန်မာနိုင်ငံမှဖြစ်ကြောင်း ထိန်းသိမ်းခံထားရသူများထံမှ သိရသည်။ အဆိုပါထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား (၈၀၀) နီးပါးရှိသည်။
ပီနန်ကျွန်းစု ဘာတာဝပ်မြို့ရှိ မြန်မာနိုင်ငံသားအများစု လုပ်ကိုင်နေသည့် စက်ရုံများကိုလည်း ပြီးခဲ့သည့်အပတ်မှစ၍ ပိတ်ထားကြောင်း သိရသည်။
ပီနန်မြို့ရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုဇော်ဦးက “ဘာတာဝပ်မှာ မြန်မာအများစု လုပ်တဲ့စက်ရုံတွေ ပိတ်ထားရ တယ်။ A (H1N1) တုပ်ကွေးကူးစက်တာကြောင့် ပိတ်တာ။ ပီနန်ဆေးရုံမှာ သံသယဖြစ်ခံရတဲ့ မြန်မာတွေရှိတယ်။ ရောဂါ မတွေ့လို့ ဆေးရုံကဆင်းလာတဲ့လူတွေ ပြောတာက ဒီရောဂါ ကူးစက်ခံရတဲ့သူတွေလည်း အဲဒီဆေးရုံမှာ ရှိတယ်တဲ့။ ကျနော်တို့လည်း ဝင်လို့မရတော့ ရောဂါဖြစ်နေတဲ့မြန်မာတွေ ဘယ်နှရောက်လဲဆိုတာ မသိရဘူး။ ဒါပေမယ့် မလေးရှားမှာ ဒီရောဂါနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ကောင်းကောင်းပေးနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၃) ဦးရှိပြီး (၁၇) ဦးမှာ သက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

source by :NEJ
0 comments:
Post a Comment