သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးသည် ကျောင်းရံပုံငွေ၊ ကျောင်းဝင်ကြေး၊ စာအုပ်ဘိုး စသည့်ခေါင်းစဉ်အမျိုးမျိုးများအကြောင်းပြပြီး ကျောင်းဖွင့်ချိန်မှစ၍ လစဉ်ကျောင်းသူ/ သားများထံမှ တဦးလျှင် အနည်းဆုံး ငွေကျပ် ၁သိန်းခန့် ကောက်ခံနေကြောင်း ဒေသခံသတင်းရပ်ကွက်ကဆိုသည်။
ဇူလိုင် ၉ ရက်နေ့က ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းရွှေသည် အရည်အသွေးစစ်တမ်းစာအုပ် (လစဉ်အကဲဖြတ် မှတ်တမ်းစာရွက်) မ၀ယ်မနေရ သတ်မှတ်ကာ ကျောင်းသူ/ သားတယောက်လျှင် ကျပ် ၅၀၀ နှုန်းဖြင့် အတင်းအဓမ္မ ၀ယ်ယူခိုင်းခဲ့သည် ဟု အမည်မဖော်လိုသူ န၀မတန်းကျောင်းသား တဦးကပြောသည်။
“ကျနော်တို့ တလကို အနည်းဆုံး ၄ ကြိမ်လောက်ပိုက်ဆံထည့်ရတယ်။ တခါကောက်ရင် ၃၀၀၀၀ ထက်မနည်းဘူး ထည့်ရတယ်” ဟုယင်းကျောင်းသားကပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းရွှေ
သည့်အပြင် ဇွန် ၁၄ ရက်နေ့တွင် အတန်းပိုင်ဆရာ/ ဆရာမများအား ကျောင်းသူ၊ ကျောင်းသား တစ်ယောက်မကျန် ဗလာစာအုပ် တစ်ဒါဇင်၂၄၀၀ ကျပ် ရောင်းချ ခိုင်းကာ ဇွန်လကုန် နောက်ဆုံး ထား၍ ငွေအပြီး ကောက်ခံ၍ ဆရာမကြီးထံ အပ်နှံရမည်ဟု ဆင့်ဆိုခဲ့ကြောင်း အလယ်တန်းပြ ဆရာမတဦးကပြောသည်။
“ငွေကောက်လို့မရတဲ့ အခန်းဆိုရင် အတန်းပိုင်ဆရာ/ ဆရာမကိုယ်တိုင်က အိတ်စိုက်ပေးရတယ်၊ မစိုက်နိုင်ရင် အပြစ်ပေးတယ်၊ နောက်ကျရင်လဲ အဆူခံရတယ်” ဟု ယင်းဆရာမကဆိုသည်။
ယင်းကိစ္စနှင့်ပက်သက်၍ ဇူလိုင် ၈ ရက်နေ့က သတ္တမတန်းအတန်းပိုင်ဆရာမ ဒေါ်နန်းအေးရွှေမှသတ်မှတ်ထားသော ရက်ထက် တစ်ရက်နောက်ကျ ငွေသွင်းခဲ့သဖြင့် စာသင်ကြားခြင်းရပ်ဆိုင်းခံလိုက်ရသည်ဟု ကျောင်းဆရာတဦးကဆိုသည်။
“အဲဒီ ဇွန်လထဲမှာဘဲ ၀ါဆိုပန်းကပ်ဖို့ဆိုပြီး ကျောင်းသူ/ သား တဦးကို ၄၀၀ ကျပ်နှုန်းကောက်ခိုင်းတယ်။ အဲဒါလဲ မတတ် နိုင်တဲ့ ကျောင်းသူ/ သားတွေအတွက် ကျနော်တို့အတန်းပိုင်ဆရာ/ဆရာမများတွေဘဲ စိုက်ထည့်ပေးရတယ်။ ဒါ့အပြင် ဆရာ/ဆရာမတွေကလဲ တယောက် တစ်ထောင် မထည့်မနေရဘဲ ထည့်ရတယ်” ဟု သူကဆိုသည်။ ထိုလအတွင်းဝါဆိုပန်း ကပ်အလှူငွေအတွက် ကောက်ခံရရှိငွေ ကျပ် ၉၈၀၀၀၀ ကျပ်ရရှိသော်လည်း ၂၃၀၀၀၀သာအလှူလုပ်ခဲ့ကြောင်းသူက ပြောသည်။
ဆရာမကြီးသည် နှစ်ဦးကျောင်းဖွင့်ချိန်၌ စစ်အစိုးရပြဋ္ဌာန်းချက်အတိုင်း ကျောင်းသား၊ကျောင်းသူများအားအခမဲ့ကျောင်း အပ်နှံခွင့်ရသည်ဟု ကြေငြာခဲ့သော်လည်း ကျောင်းဝင်ကြေးအဖြစ် မူလတန်းအဆင့် ကျပ် ၃၉၀၀မှ ၄၅၀၀အထိ၊ အလယ်တန်းအဆင့် ကျပ် ၆၅၀၀မှ ၆၈၀၀ အထိနှင့် အထက်တန်းအဆင် ကျပ် ၇၄၀၀မှ၁၀၀၀၀အထိနှင့်လျှောက်လွှာဖိုး တရွက်လျှင် ၅၀၀ကျပ်၊ ဆရာ/မသုံး ပစည်း များအတွက် ကျပ်၅၀၀ ကောက်ခံခဲ့သည့်အပြင် ဆိုင်မှဗလာစာအုပ်များ တဒါဇင် ၁၉၀၀ကျပ်ဈေးဖြင့်မှာယူထားသည့်စာအုပ်များကို ကျောင်းသား/သူတဦးချင်းစီအား တစ်ဒါဇင် ၂၈၀၀ကျပ်နှုန်းမ၀ယ်မနေ ရပြန်လည်ရောင်းချခဲ့သည်ဟုဆိုသည်။
၎င်းအပြင် ကျောင်းအချိန်ပိုအတွက် ကျောင်းသားတစ်ဦးချင်းစီမှ ကျပ်၃၀၀၀၀ ထပ်မံတောင်းဆိုသည်ဟုလည်း န၀မတန်း ကျောင်းသားအချို့၏ပြောပြချက်အရသိရသည်။
ကလေး/လူငယ်များ၏ပညာရေးကို ဦးစားမပေးဘဲ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်၍ပညာရေးဖြင့်စီးပွားရှာနေသော ကျောင်းအုပ် ဆရာမကြီး၏ အပြုအမူကြောင့် ရပ်ဝေးမှ လာရောက်ပညာသင်ယူသော ကျောင်းသား/သူများ၊မိဘမဲ့ ကလေးများ၊ လက်လုပ် လက်စားကလေးများအဖို့ ငွေကြေးများ အချိန်မှီမပေးသွင်းနိုင်သည့် ဒုက္ခများကြုံတွေ့ရပြီး ကောင်းမွန်စွာစာသင်ကြားနိုင်ခြင်းမရှိခဲ့ကြောင်း အလယ်တန်းပြဆရာမတစ်ဦးကပြောသည်။
ယင်းကိစ္စအတွက် ဇူလိုင်လအတွင်း အဆိုပါစာအုပ်ဘိုးများမပေးသွင်းနိုင်ခြင်းကြောင့် ကျောင်းသား ၅ ယောက်ခန့် ကျောင်းထွက်ခဲ့ရသည် ဟုမူလတန်းပြဆရာမတဦးကဆိုသည်။ အဆိုပါအ.ထ.ကကျောင်းတွင် ကျောင်းသားဦးရေ ၂၃၀၀၀နှင့် ဆရာ/ဆရာမမဦးရေ ၆၀ ခန့်ရှိသည်ဟု သိရသည်။

source by :သျှမ်းသံတော်ဆင့်
0 comments:
Post a Comment