RFA
အမေရိကန်ပြည်ထောင်စုအခြေစိုက် EarthRights International ခေါ် ကမ္ဘာမြေအခွင့်အရေး နိုင်ငံတကာလှုပ်ရှားမှု NGOအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ကရင်တိုင်းရင်းသား ကိုကစောဝါးကို အာရှရဲ့ နိုဘယ်လ်ဆုလို့ လူသိများတဲ့ Ramon Magsaysay ဆု ချီးမြှင့်လိုက်ကြောင်း ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ သြဂုတ်လ ၃ရက်နေ့မှာ ကြေညာလိုက်ပါတယ်၊
ကမ္ဘာမြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနားတခုတွင် ပရိသတ်များကို ကရင်တိုင်းရင်းသား ကိုကစောဝါး (အလယ်) စကားပြောနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Friends of the Earth)ကိုကစောဝါးကို Ramon Magsaysay ဆု ဘာ့ကြောင့် ပေးရတယ်ဆိုတာနဲ့ ပတ်သက်လို့ ဆုရွေးချယ်ရေး ကော်မတီရဲ့ သတင်းထုတ်ပြန်ရေးဌာနမှ Ms. Joli က RFA ကို ရှင်းပြပါတယ်။
ကိုကစောဝါးဟာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မတွန့်မဆုတ် စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တာကတကြောင်း ၊ လူ့အခွင့်အရေးကို ကာကွယ်စောင်ရှောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံပညာရေးတွေကိုလည်း မျှဝေလုပ်ဆောင်နေတာကြောင့် တကြောင်းတို့ကြောင့် သူ့ကို ရေမွန် မက်ဆေးဆေးဆု ချီးမြှင့်ရတာပဲ ဖြစ်ကြောင်း သူက ရှင်းပြသွားပါတယ်။
အခုလို EarthRights Internationalအဖွဲ့မှာ ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုကစေားဝါး မက်ဆေးဆေးဆု ရတာနဲ့ပတ်သက်လို့ EarthRights International ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရုံးခွဲမှာ တာဝန်ထမ်းဆောင်နေသူ မခင်နန္ဒာက အခုလို ပြောပြပါတယ်။
မခင်နန္ဒာ။ ။ 'အခု အဲဒီ ကျွန်မတို့ရဲ့ ဆရာပေါ့နော်၊ ဒီ pastor လည်း ဖြစ်တဲ့ အဲဒီသူက နိုဘယ်လ်ဆု ချီးမြှင့်ခံရတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ ဒါက ဂုဏ်ယူစရာပေါ့နော်။ သူကတော့ အမြဲတမ်းပဲ ဦးဆောင် လမ်းပြ ကောင်းတဲ့ လူတယောက် ဖြစ်တယ်ပေါ့နော်။ သူ့မှာ အားရတာ တခုကတော့ UNOCAl case ပေါ့နော်၊ ဒီ ပိုက်လိုင်းတလျှောက်မှာ နေနေတဲ့လူတွေက ဘယ်လိုမျိုး ဒီ စစ်အစိုးရရဲ့ ဒီ human rights ပေါ့နော်၊ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူတို့ ခံနေရလဲဆိုတဲ့ဟာကို ဒီ ကမ္ဘာ့အနှံ့အပြားမှာ သိလာအောင် သူကနေပြီးတော့မှ ဦးဆောင်တာပေါ့နော်။ ကျွန်မတို့ ဒီ staff တွေကတော့ အဲဒီဟာတွေကို အထောက်အပံ့ ပေးတဲ့ လူတွေပေါ့နော်။'
ဖိလစ်ပိုင်နိုင်ငံက နှစ်စဉ်ဆိုသလို ချီးမြှင့်လေ့ရှိတဲ့ Ramon Magsaysay ဆုကို ပြီးခဲ့တဲ့ ၂ဝဝ၂ခုနှစ်တုန်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေကို စေတနာ့ဝန်ထမ်းဆေးကုသပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ကိုလည်း ချီးမြှင့်ခဲ့ဘူးကြောင်း သိရပါတယ် ။
၂ဝဝ၉ခုနှစ်အတွက် ရေမွန်မက်ဆေးဆေး ဆုကို မြန်မာနိုင်ငံသား ကိုကစောဝါး တယောက်တည်းသာမက မြစ်ရေတွေ ပိတ်ဆို့ပြီး ရေကာတာတည်ဆောက်မှုကို တားမြစ်ရေးလှုပ်ရှားခဲ့တဲ့ တရုတ်နိုင်ငံသား Mr. Yu Xiaogang ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေမှာ စည်းမျဉ်းချိုးဖောက်တဲ့ တရုတ်ကုမ္ပဏီ တသောင်းစာရင်းကို ပြုစုခဲ့သူ တရုတ်နိုင်ငံသား သတင်းစာဆရာ Mr. Ma Junနဲ့ ဆင်းရဲသားတွေကို အကူအညီပေးရေး လူမှုအဖွဲ့အစည်းကို ထူထောင်လှုပ်ရှားခဲ့တဲ့ အိန္ဒိယနိုင်ငံသား Joshi တို့ကိုလဲ ချီးမြှင့်ခဲ့ပါတယ်။
ဒါ့အပြင် သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးသမားနဲ့ ရှေ့နေတဦးဖြစ်သူ Antonio Oposaကို တရားမဝင် ငါးဖမ်းလှေတွေ စောင့်ကြည့်ရေးလုပ်ငန်းအတွက် ဒီမက်ဆေးဆေးဆု ချီးမြှင့်လိုက်သလို၊ ထိုင်းနိုင်ငံသား Mr.Krisan Kraisntu ကိုတော့ HIV/ AIDSဆေးတွေ ဈေးသက်သက်သာသာနဲ့ ရအောင် လုပ်ဆောင်ပေးမှုအတွက် ဒီဆုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
source by :RFA








0 comments:
Post a Comment