ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နီပေါ ကူညီမည်

Monday, August 03, 2009 ·

ဇာနည်မာန် | နီပေါနိုင်ငံ အထက်လွှတ်တော် အမတ်များနှင့် အတိုက်အခံ ပါတီများ၊ လူမှုရေး အသင်းအဖွဲ့ ပေါင်းစုံတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေး အတွက် အားဖြည့် ကူညီမည်ဟု အိမ်နီးချင်း နိုင်ငံများ မြန်မာ့အရေးတွင် ပါဝင်လာရန် လှည့်လည် စည်းရုံးနေသည့် ညွှန့်ပေါင်း အစိုးရ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာတင့်ဆွေနှင့်အဖွဲ့ကို ပြောကြားလိုက်သည်။

တောင်အာရှ လူမှုစွမ်းအား ဖိုရမ် (SAFPI) နှင့် မဟိဒြာ နာရယန် နီဒီဟ် အထိမ်းအမှတ် ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူတွင် သြဂုတ် ၁ ရက်နှင့် ၂ရက်နေ့ က ပြုလုပ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နီပေါဟာ အိန္ဒိယလိုပဲ ပါတီ ပေါင်းစုံရှိတယ် ပါတီတခုနဲ့ တခုကလည်း တခါတလေ သိပ်အစေး မကပ်ကြဘူး။ ဒါပေမယ့် ဗမာပြည်အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုတော့ ပါတီပေါင်းစုံက တက်လာကြတယ်။ အသံတွေကလည်း အတူတူပဲ တိုက်တွန်း ပြောဆို တာတွေကော၊ ဆုံးဖြတ်ချက် တွေပါ ရှိလာတယ်” ဟု ဒေါက်တာတင့်ဆွေက ဧရာဝတီကို ပြောသည်။

လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး မစ္စ သုဇာတာ ကိုအီရာလာက ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် လေးစား ကြည်ညို ချစ်ခင်ကြောင်း ဖော်ပြ၍ ဆွေးနွေးချက် များကို စိတ်ဝင်တစား ရှိသည်ဟု ကြားသိရသည်။

ဆွေးနွေးပွဲ အပြီး ပါလီမန်တွင် ကျင်းပသော လွှတ်တော် အမတ်များ အစည်းအဝေးကို ဒေါက်တာ တင့်ဆွေနှင့် အဖွဲ့ တက်ရောက် နားထောင်ခွင့်ရခဲ့ရာ အဆိုပါ အစည်းအဝေးတွင် မြန်မာ့အရေးကို မည်သို့မည်ပုံ ဆောင်ရွက်မည် ဆိုသည့် အချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာတင့်ဆွေက ဆိုသည်။

ဆက်လက်၍ ၎င်းက “သူတို့အစိုးရ အနေနဲ့ကတော့ ဘာလုပ်ပေးပါ့မယ် ဆိုပြီး တရားဝင် ပြောဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကျနော်နားလည်တာက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အတတ်နိုင်ဆုံးကြိုးစားမယ်လို့ ယူဆပါတယ်” ဟုပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာအင်အားစုများ ကိုယ်စား ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေ၊ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ကိုကင်မ် အပါအ၀င် အိန္ဒိယ နိုင်ငံမှ အထက်လွှတ်တော်အမတ် ၂ ဦး၊ အိန္ဒိယ လူမှုအဖွဲ့အစည်းများ၊ နီပေါနိုင်ငံ အာဏာရပါတီမှ အမတ်များ၊ အတိုက်အခံပါတီများအပြင် လူမှုအသင်းအဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့ကြသည်။

မဟိဒြာ နာရယန် နီဒီဟ် အထိမ်းအမှတ် ဖောင်ဒေးရှင်း၏ ဥက္ကဌ မစ္စတာ ဘာနူး ဘာသား ဒါကားလ် ကလည်း “ဆွေးနွေးပွဲမှာ လက်ရှိ အာဏာရပါတီတွေ၊ အတိုက်အခံ ပါတီတွေနဲ့ အမတ်တွေက မြန်မာ့ ဒီမိုကရေစီအရေး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကူညီမယ်ဆိုတာ ပြောတော့ အတော်ကို အားရ ကျေနပ်မိပါတယ်။ နီပေါအစိုးရ ဘက်ကလည်း နိုင်ငံခြားရေးမှာ သူတို့ ပေါ်လစီက အကန့်အသတ်တွေ ရှိကောင်း ရှိနေမှာ ဖြစ်ပေမယ့် အခုကတော့ မြန်မာ့အရေး အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အရိပ်အယောင်တွေ တွေ့မြင်ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာ့အရေး ကိစ္စတွင် နီပေါနိုင်ငံ အပါအ၀င် တောင်အာရှ နိုင်ငံများ အနေဖြင့် အတိုင်းအတာ တခုအထိ အရေးပါသော နေရာတွင် ရှိသည်ဖြစ်၍ မြန်မာ စစ်အစိုးရအပေါ် ဖိအားပေးမှုများ၊ ကုလသမဂ္ဂအဖွဲ့သို့ တိုက်တွန်း နှိုးဆော်ခြင်းများ ဆက်လက် ပြုလုပ်နိုင်ရန် နီပေါနှင့် အိန္ဒိယအစိုးရတို့ကို တိုက်တွန်းမည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် မေလက နီပေါ အတိုက်အခံ ပါတီများနှင့် လူမှုရေး အသင်းအဖွဲ့ ၂၀၀ ကျော်တို့က ဒေါ်အောင်ဆန်း စုကြည်ကို ချွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရန် တိုက်တွန်းစာကို နီပေါ နိုင်ငံခြားရေး ၀န်ကြီးရုံးနှင့် မြန်မာသံရုံး များသို့ လက်မှတ်ရေးထိုးပေးပို့ခဲဖူးသည်။

ထို့အတူ အိန္ဒိယ အထက်နှင့် အောက် လွှတ်တော်အမတ် ၁၂၀ နီးပါးတို့ကလည်း မြန်မာ့အရေးကို အိန္ဒိယ ပါလီမန်တွင် ဆွေးနွေးရန် အိန္ဒိယ၀န်ကြီးချုပ် မာမိုဟန်ဆင်း ထံသို့ တိုက်တွန်း တင်ပြခဲ့သေးသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */