NEJ | ယနေ့နံနက် (၄) နာရီခန့်က ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ ပြေးဆွဲ နေသော စိန်ရွှေမိုး တထပ် သင်္ဘောတွင် စက်သုံးဆီ ပေါက်ကွဲမှုတခုဖြစ်ပွားသောကြောင့် လူ (၃) ဦး ပွဲချင်းပြီး သေဆုံးကာ (၁၁) ဦးမှာ အတွင်း လူနာ အဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရကြောင်း သိရသည်။
အဆိုပါ သင်္ဘောမှာ ဧရာဝတီ ရေတပ် စခန်းဌာနချုပ် အနီးရှိ ဆိပ်ကမ်းတခုတွင် ဆိုက်ကပ် ထားကြောင်း သိရသည်။
“ပေါက်ကွဲတာ ၀ုန်းကနဲပဲဗျ။ အပေါ်ကို မီးလုံးကြီး တက်သွားတယ်” ဟု အဆိုပါ ဧရာဝတီရေတပ်စခန်းဌာနက မျက်မြင် ရေတပ် သားများက ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းများ အရ အဆိုပါသင်္ဘော ပေါက်ကွဲမှု ဖြစ်ပွားသည့် အတွက် သင်္ဘောမှာ (၃) ပိုင်း ပိုင်းသွားကြောင်း၊ အနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနပိုင် ကြံ့ (၁၄) အုပ်စုပိုင် ရေယာဉ် တစီးရှိ ရေယဉ်မှူးနှင့် ၀န်ထမ်းများ ၀င်ရောက်ကူညီမှုများကြောင့် အဆိုပါ (၁၄) အုပ်စုမှ ရေယာဉ်မှူးတဦးမှာ ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။
“စိန်ရွှေမိုး သင်္ဘောက လူ (၂) ဦး သေတယ်။ အဲဒီမှာ အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။
ဒဏ်ရာ ရသော လူ (၁၁) ဦးတွင်လည်း အသက် (၁၆) နှစ်အရွယ် ကလေးတဦး ပါကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ စာရင်းများ အရ သိရသည်။
စိန်ရွှေမိုး သင်္ဘော၏ ဒုတိယ ရေယာဉ်မှူးအသက် (၃၄) နှစ်အရွယ် ကိုဇော်လတ် (ခေါ်) ကိုအောင်သူရကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
“အဲဒီ ဒု-ရေယာဉ်မှူးလည်း အတွင်းလူနာ အဖြစ် ဆေးရုံကြီးမှာ တင်ထားရတာပါ။ အဲဒီထဲမှာ အရမ်းစိုးရိမ်ရတဲ့ လူနာ (၃) ဦး လောက် ရှိတယ်။ အသက်ပြန်ရှင်ဖို့မလွယ်ဘူး” ဟု မျက်မြင်တွေ့ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment