မင်းနိုင်သူ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင်သည် အာရှ တော်ဝင် ဆေးရုံ၌ (၃) ရက်ကြာ ဆေးကုသခံယူခဲ့ပြီး ယနေ့ နေအိမ်သို့ ပြန်လည် ရောက်ရှိ သွားပြီ ဖြစ်သည်။
နှလုံးခုန်နှုန်း လျော့ကျ လာသည့် ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် သြဂုတ် (၁၅) ရက် ညပိုင်းတွင် အာရှ တော်ဝင် ဆေးခန်းသို့ တက်ရောက် ခဲ့ရပြီး နှလုံးခုန်စက် ထည့်သွင်း တပ်ဆင် ထားရသည်။
“အာရှတော်ဝင်က ပိုင်ရှင်တွေရော၊ ဆရာဝန်တွေရော အားလုံးအဆင်ပြေအောင် လုပ်ပေးကြပါတယ်။ အခုတော့ သက်သာ လာပါပြီ။ တပတ် တခါတော့ ပြန်ပြရမယ်။ ဖုန်းပြောတာတွေ၊ လျှပ်စစ်မီး အသုံးပြုတာတွေ မလုပ်ဖို့ အထူးသဖြင့် ဘယ်ဘက်ခြမ်း မလှုပ်ရှား မိစေဖို့ ညွှန်ကြား ထားတယ်” ဟု အတူနေသူ ကိုသက်ဦးနိုင်က ပြောသည်။

အသက် (၇၉) နှစ်ကျော်ရှိ ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင် စကပင် ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသော နိုင်ငံရေး သမား တဦး ဖြစ်ခြင်းကြောင့် စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်ကာ ထောင်ချထားခဲ့သည်။
အင်းစိန်ထောင် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ပွင့်လင်း ရဲဝံ့စွာ ထုတ်ဖော်ေ ပြာဆိုမှုများ ရှိခဲ့သဖြင့် နအဖ စစ်အစိုးရ၏ အငြိုးထားခြင်း ခံရသည့် နိုင်ငံရေး အကျဉ်းသား တဦးလည်း ဖြစ်ခဲ့သည်။
ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့ဘဲ နှစ်ပေါင်း (၁၉) နှစ်ကျော် ကြာနေထိုင် ခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာ (၂၃) ရက်တွင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။
အစိုးရ ပညာတော်သင် အဖြစ် နယ်သာလန် နိုင်ငံ၌ ၁၉၅၃ ခုနှစ်တွင် စာနယ်ဇင်း ပညာသင်ယူ နေစဉ် “ဒို့ပြည် သတင်း”ဟူသည့် လက်နှိပ်စက်ရိုက် သတင်းစာ တစောင်ကို ကိုယ်ပိုင် ငွေဖြင့် ထုတ်ဝေကာ နိုင်ငံခြားရောက် မြန်မာများထံ စာတိုက်မှ တဆင့် ပေးပို့ခဲ့ဖူးသည့် သတင်းစာ ဆရာတဦး ဖြစ်သည်။
ဝါရင့် သတင်းစာ ဆရာကြီး အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကိုမှ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု၊ ကမ္ဘာ့သတင်းစာများအသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment