NEJ | ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် သုံးစွဲနေသည့် စားသုံးဆီ (၇) မျိုးကို ကိုယ့်သဘောဖြင့်ကိုယ် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ကြေညာပြီး ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များ၊ ဈေးများနှင့် စူပါမားကက် တို့တွင် လိုက်လံ ဖမ်းဆီး သိမ်းဆည်း နေကြောင်း ဈေးရောင်းသူများက ပြောသည်။
ပြီးခဲ့သည့်လ (၂၅) ရက်ထုတ် အစိုးရသတင်းစာများတွင် စားသုံးဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ပြီး (၃-၄) ရက်အကြာတွင် ရန်ကုန်တိုင်း စည်ပင်သာယာရေး အဖွဲ့က ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုစွန်တစ်ကောင်၊ ပုစွန်နှစ်ကောင်တံဆိပ် စားဆီပုံးများကို ကျန်းမာရေးနှင့် မညီညွတ်ဟုဆိုကာ ရန်ကုန်မြို့ ဈေးကွက် အချို့တွင် ၀င်ရောက် သိမ်းဆည်း သွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ကုန်တိုက်ကြီး တခုမှ ကုန်ပစ္စည်း ထိန်းသိမ်းရေး တာဝန်ခံတဦးက “ရန်ကုန်တိုင်း စည်ပင်သာယာရေး အဖွဲ့ဝင်တွေ ရောက်လာပြီး ကျမတို့ ဆိုင်တင်ရောင်းနေတဲ့ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ စားဆီပုံးတွေကို ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ သိမ်းတယ်ဆိုပြီး လာသိမ်းသွားတယ်။ နောက် အဲဒါ လက်မှတ် ထိုးခိုင်းတော့လည်း ထိုးပေးလိုက် ရတယ်။ ဒီကိစ္စ ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာထဲကနေ ကြေညာထားတာ မဟုတ်တော့ ဘယ်သူမှ မသိကြဘူး။ ရန်ကုန်တိုင်း စည်ပင်သာယာက ဗိုလ်မှူးချုပ် အောင်သိန်းလင်း သူ့သဘောနဲ့ သူလုပ်နေတာဆိုတော့ ကျမတို့လိုပဲ ဆိုင်အတော်များများဘာမှ မသိလိုက်ရဘဲနဲ့ ဆီပုံးတွေ အများအပြား အသိမ်းခံ လိုက်ရတယ်။ သတင်းစာက ကြေညာထားတာမျိုးလည်း မရှိဘူး” ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်က ဗိုလ်မှူးချုပ် အောင်သိန်းလင်းက စာနယ်ဇင်း သတင်းထောက် များနှင့် တွေ့ဆုံရာတွင် နောက်ထပ်စားဆီ တံဆိပ် (၇) မျိုးကို စားသုံးရန် မသင့်၍ ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ပိဿာချိန် (၂,ဝဝဝ) ကျော်ရှိကာ နောက်ထပ်လည်း ဖမ်းဆီးရန် ရှိနေသေးသည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် အောင်သိန်းလင်း သိမ်းဆည်းခဲ့သည့် ဆီများမှာ သန့်ရှင်းသည်ဟု ပြည်သူများ လက်ခံထားသည့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုစွန်တစ်ကောင်၊ ပုစွန်နှစ်ကောင်နှင့် အခြားဆီသန့်များ ပါဝင်သည်။
လတ်တလော မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် စားသုံးဆီ (၂) မျိုးမှာ သင်္ဘောလိုင်းမှ ဆီကန်များဖြင့် တင်သွင်းပြီး ပြည်တွင်း၌ ဆီပေပါကြီးများဖြင့် ဖြန့်ဖြူးနေသည့် ကန်ဆီနှင့် နယ်စပ်မှ တဆင့် အမှတ် တံဆိပ်ဖြင့် ပုံး၊ ဘူးသွတ်ပြီးသား သွင်းလာသည့် ဆီများဆိုပြီး ရှိသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ် တင်သွင်းနေသည့် မလေးရှားကန်ဆီများသည် အဆင့်အတန်း နိမ့်ပြီး ကျန်းမာရေးနှင့် ညီညွတ်ခြင်း မရှိကြောင်း အသည်းရောဂါကု ဆရာဝန် ဒေါက်တာ ခင်မောင်ဝင်းနှင့် ပြည်တွင်း ဆရာဝန်များက ထောက်ပြကြသည်။ အဆိုပါဆီများကို ငွေမတတ်နိုင်သည့် ဆင်းရဲသား ပြည်သူများက ဈေးပေါပေါဖြင့် ဝယ်ယူသုံးစွဲကြသည်။
အခြားဆီ တမျိုးမှာ နယ်စပ်သွင်း ပုံးဆီများဖြစ်ပြီး သန့်ရှင်းသည်ဟု သတ်မှတ်ကာ လူလတ်တန်းစားများ စားသုံးကြသည်။
ပြည်တွင်းထုတ် စားသုံးဆီမှာမူ ပြည်တွင်းကြိတ် မြေပဲဆီ၊ ပဲပုပ်ဆီများဖြစ်ပြီး ပြည်ပသွင်း စားအုန်းဆီ ကန်ဆီများဖြင့် ရောနှော ရောင်းချနေသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ မကြာခဏ ကြေညာခြင်း ခံနေရသည်။
ယခုကဲ့သို့ ဦးပိုင်က သွင်းသည့် ညစ်ညမ်းနေသည့် ကန်ဆီများကို ဘာမှမပြောဘဲ၊ ကျန်းမာရေး ဝန်ကြီး ဌာနကလည်း ဘာမှ ကြေညာခြင်း မရှိသည့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေသည့် စားဆီများကို ရောင်းချမှု ပိတ်ပင်ခြင်း၊ ဈေးများ၌ လိုက်လံ ခြိမ်းခြောက် သိမ်းဆည်းနေခြင်းတို့ကြောင့် ပြည်သူများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
ယခုအခါ အဆိုပါ ရန်ကုန် စည်ပင်က ပိတ်ပင်ထားသည့် စားဆီ အမျိုးမျိုးသည် မှောင်ခို သဖွယ်ဖြစ်သွားပြီး ခိုးဝှက် ရောင်းချရသည့် အနေအထားကို ရောက်ရှိသွားကာ ရန်ကုန်ဧရိယာအတွင်းမှ ဈေးဆိုင်ပိုင်ရှင်နှင့် ပြည်သူများက ဗိုလ်မှူးချုပ် အောင်သိန်းလင်း ၎င်းနှင့်မဆိုင်ဘဲ ထင်ရာစိုင်း လုပ်ကိုင် ဆောင်ရွက်နေသည့် အပေါ် စိတ်ဆိုး ဒေါသထွက် နေကြောင်း စုံစမ်းသိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment