ရန်ပိုင် | စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင်ထားသော စားသုံးဆီ ၁၁ မျိုးထဲမှ ၇ မျိုးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ရောင်းချခွင့် ပြုလိုက်သည်ဟု သတင်းရရှိ သည်။
ရန်ကုန်မြို့ ဘုရင့်နောင်ဈေးမှ ဆီလုပ်ငန်းရှင် တဦးက “မနေ့ကတော့ 7 Day ဂျာနယ် မှာဖတ်ရတယ်။ ဘာတံဆိပ် တွေလဲ၊ ပြန်ပြီးသွင်းခွင့်ပြုမှာလား ဆိုတာတော့မပါဘူး၊ တရားဝင်လည်း ဆိုင်တွေကို မပြောသေးဘူး” ဟု ဧရာဝတီသို့ပြောသည်။
ပြီးခဲ့သည် ဇူလိုင်လ အတွင်း ဆီ ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အာဏာပိုင် များက စားသုံးရန် မသင့်ဟု ဆိုသော ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ တင်သွင်းသည့် စားသုံးဆီ အမှတ် တံဆိပ် ၁၁ မျိုးကို လိုက်လံ သိမ်းဆည်း ခဲ့သော်လည်း ယခုအခါ ၇ မျိုးကို ညောင်ပင်လေးဈေး ဆီအရောင်း ဈေးကွက်တွင် ပြန်လည် ပေးအပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“လွန်ခဲ့တဲ့ ၂ ပတ် လောက်ကတော့ သိမ်းသွားတဲ့ ပုစွန် ၂ ကောင်ဆီ ၁ လီတာ ဘူးနဲ့ ၅ လီတာ ဘူးတွေကို ညောင်ပင်လေး ဈေးဘက်မှာ ပြန်ပေးပြီး ရောင်းခွင့်ပြုခဲ့တယ်” ဟု ဘုရင့်နောင် ဆီကုန်သည်ကပြောသည်။
အဆိုပါ ဆီများ ပိတ်ပင်သည်ဟု ကြေညာချက် ထွက်ပေါ် မလာခင်က စားအုန်းဆီ ဈေးမှာ တပိဿာ ၁၇၀၀ ကျပ်ရှိပြီး ၎င်းကြေညာချက် ထွက်ပေါ်၍ အဖမ်း အဆီးများရှိခဲ့ပြီးနောက်ပိုင်းတွင် တပိဿာ ၂၂၀၀ ကျပ်ဈေး အထိ တက်ခဲ့သည်ဟု သိရသည်။
“ဆီတွေ ဖမ်းတော့ ဈေးတက်သွားတယ်၊ တပိဿာကို ၅၀၀ ကျပ်တက်တယ်၊ အခုလိုရောင်းရပြီဆိုတော့ ဈေးကျတယ်၊ တပိဿာကို ၁၀၀ ကျပ်ပြန်ကျသွားတယ်” ဟု ၎င်းဆီကုန်သည်ကဆိုသည်။
စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင် လိုက်သော ဆီအမှတ် တံဆိပ်များနှင့် ပတ်သက်၍ ၎င်းအမှတ် တံဆိပ်များ တင်သွင်း နေသော ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇနှင့် တခြားအမှတ်တံဆိပ်များ အပြိုင် တင်သွင်းလျက် ရှိသော စီးပွားရေး ဦးပိုင် လီမိတက်တို့ ယခင်လ အတွင်းက အချင်းများ ခဲ့ကြသည်ဟု ကြားသိရသည်။
စီးပွားရေး ဦးပိုင် လီမိတက်က ဦးတေဇ တင်သွင်းနေသော ဆီများပိတ်ပင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်သည် ဟူသော အတည် မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ဦးတေဇပိုင် ထူးကုမ္ပဏီမှ တာဝန်ရှိသူတဦးက စားသုံးဆီတင်သွင်းရာမှ ရရှိသည့်အမြတ်ငွေနှင့် ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းကို ပံ့ပိုးရန် ရှိကြောင်း ပြောပြသည်။
ယခုအခါ ဦးတေဇက ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် ပူးပေါင်းကာ ကျန်းမာရေး ၀န်ကြီး ဌာနက ပိတ်ပင်ထားသော ၎င်းတင်သွင်း နေသည့် ဆီအမှတ် တံဆိပ်များကို ပြန်လည် ရောင်းချနိုင်ကြောင်း ကြေညာခြင်း ဖြစ်မည်ဟု ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။
ယခု အကြောင်းအရာနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန ဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်း ၏ ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း တာဝန်ကျ အမျိုးသမီးတဦးက ယင်း အကြောင်းအရာနှင့် ပတ်သက်ပြီး သိရှိလိုပါက ရန်ကုန်မြို့ အဆိုပါရုံးသို့ လာရောက် မေးမြန်း နိုင်သည်ဟု ပြောဆိုခဲ့သည်။
ရန်ကုန်မြို့ စည်ပင် သာယာရေး ကော်မတီ ဈေးများဌာနသို့ မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျန်းမာရေး ၀န်ကြီးဌာနက အများပြည်သူ စားသုံးရန် မသင့်သော ဆီအမှတ် တံဆိပ် များ ပိတ်ပင်တားမြစ်ချက်ကို ထုတ်ပြန်ခဲ့သည်။
တားမြစ် ခံထားရသည့် ဈေးကွက် အတွင်းရှိ အဆိုပါ ဆီများမှာ sakura၊ Golding oil၊ ပုစွန်တကောင်၊ ပုစွန် ၂ ကောင်၊ ကြယ်ဝါ၊ ကြယ်စိမ်း၊ ကဏန်း၊ ငါးကြော်၊ ရေနဂါး၊ ကြယ်နီ ၊ တံငါ စသည့် အမှတ်တံဆိပ် များဖြစ်သည်။
source by : ဧရာဝတီ

0 comments:
Post a Comment