NEJ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် အခြားမြို့တို့တွင် လိုင်စင်မဲ့ကား အသုံးပြုမှု ပြန်လည် များပြား လာနေကြောင်း မြို့ခံများက ပြောသည်။
မြစ်ကြီးနားမြို့ခံတဦးက “ခုနောက်ပိုင်း မြစ်ကြီးနားမှာ လိုင်စင်မဲ့ကားတွေ ပြန်များလာပြီ။ စီးကြတဲ့ သူတွေ ကတော့ မြောက်ပိုင်းတိုင်းက စစ်အရာရှိ မိသားစု တွေရယ်၊ စစ်အရာရှိတွေနဲ့ နီးစပ်တဲ့ ကုန်သည် အသိုင်းအဝိုင်း တွေရယ်၊ ကေအိုင်အေလို အပစ်ရပ်အဖွဲ့နဲ့ နီးစပ်တဲ့သူတွေရယ် စီးနေကြတယ်။ သာမန် လူတွေ ကတော့ မစီးရဲဘူး။ အားလုံးဟာ အာဏာပိုင် တဦးမဟုတ် တဦးရဲ့ ခွင့်ပြုချက်နဲ့ စီးနေကြတာဖြစ်တယ်” ဟု ပြောသည်။
ယခု အသုံးပြုနေကြသည့် ကားအများစုမှာ တိုယိုတာ ဟိုင်းလက် ဒဗယ်ကက်၊ ဆာ့ဖ်၊ ပါဂျဲရိုးနဲ့ မာ့ခ်တူး အမျိုးအစားများ ဖြစ်ပြီး ၂ဝဝ၄ ခုနှစ် လိုင်စင်မဲ့ကားများ သိမ်းဆည်းစဉ်က စစ်အစိုးရက မသိမ်းဘဲ ထားခဲ့သည့် ကားများဖြစ်ကြောင်း သိရသည်။

နအဖစစ်အစိုးရသည် ၂ဝဝ၄ ခုနှစ်အတွင်း နယ်စပ်မှတင်သွင်းလာသည့် လိုင်စင်မဲ့ကားအမျိုးမျိုးကို ဖမ်းဆီးသိမ်းဆည်းခဲ့ရာတွင် ရဟန်းရှင်လူ ပြည်သူများ၏ ကားအစီးရေ (၁၅,ဝဝဝ) ကျော်ကို သိမ်းဆည်းခဲ့သည်ဟု စစ်အစိုးရအာဏာပိုင်များက ကြေညာခဲ့သည်။
အဆိုပါအချိန်က လိုင်စင်မဲ့ကားများ ပိုင်ဆိုင်ထားကြသည့် စစ်အရာရှိများမှာမူ ၎င်းတို့ပိုင်ကားများကို စစ်တပ်စခန်းများ၌ ဖွက်ထားမှုများရှိသကဲ့သို့ ငြိမ်းအဖွဲ့များကလည်း ၎င်းတို့ဒေသရှိရာ နယ်မြေများသို့ မောင်းယူသွားခဲ့ကြသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
ဖမ်းဆီးရရှိသည့် ရဟန်းရှင်လူများ၏ လိုင်စင်မဲ့ကားများကို မည်သို့လုပ်မည်လဲဟု ပြည်တွင်း သတင်းထောက်များက သတင်းစာရှင်းလင်းပွဲတခုတွင် ရဲချုပ်ဗိုလ်ချုပ်ခင်ရီကို မေးမြန်းခဲ့ရာ ၎င်းက “ဒီအတိုင်း သိမ်းဆည်းထားပါတယ်။ ဘာမှ မလုပ်ပါဘူး” ဟု ဖြေကြားခဲ့သည်။
သို့သော် ပြီးခဲ့သည့် နှစ်မှစ၍ ထိုသို့ သိမ်းဆည်း ထားသည့် ကားများကို နိုင်ငံအနှံ့ မြို့ကြီးတို့တွင် အကြိမ်ကြိမ် လေလံတင် ရောင်းချ ခဲ့သည်။
ယခုကဲ့သို့ လိုင်စင်မဲ့ကားများကို သိမ်းဆည်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် ကိုယ်ပိုင်ကားဟူ၍ မရှိသလောက် ရှားသွားပြီး ဆိုင်ကယ်များနှင့် သုံးဘီးများသာ မြို့တွင်း၌ ကျန်ရစ်သည်။
ယခုအခါ ယခင်အသိမ်းမခံရသည့် လိုင်စင်မဲ့ကားများကို စစ်အာဏာပိုင်တို့နှင့် နီးစပ်သူများ ပြန်လည်စီးခွင့်ရလာခြင်းကြောင့် လိုင်စင်မဲ့ကားဈေးများလည်း ပြန်လည်မြင့်တက်လာပြီး ယခင်က ကျပ် သိန်း (၂ဝ-၃ဝ) ပင် ဝယ်သူမရှိသည့် လိုင်စင်မဲ့ကား များမှာ ယခုအခါ ကျပ်သိန်း (၇ဝ-၈ဝ) မှ ကျပ်သိန်း (၁ဝဝ) အထိ ဈေးပေါက်နေကြောင်း စုံစမ်းသိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment