ဝီရ | ပြည်ပနိုင်ငံများမှ တင်သွင်းနေသည့် စားသုံးကုန်စည်များအား စားသုံးရန်မသင့်ဟု အကြောင်းပြပြီး တားမြစ်အရေးယူနေမည့် အစား မြန်မာ့အာဏာပိုင်များအနေဖြင့် ပြည်တွင်း၌ ချက်လုပ်ရောင်းချနေသည့် အရက်သေစာများအား လိုက်လံစစ်ဆေးကာ စံချိန်အဆင့် ပြည့်မီခြင်းမရှိသည့် အရက်ထုပ်လုပ်သူများကို အရေးယူကာ ပြည်သူများအား အသိပေးသင့်ကြောင်း ပြည်တွင်းဆရာဝန်များက ရှုမြင်သည်။
မြန်မာနိုင်ငံတွင် အဆင့်ပြည့်မီခြင်းမရှိသည့် အရက်သေစာ သောက်သုံးခြင်းကြောင့် သက်တမ်းမပြည့်ခင် သေဆုံးသူဦးရေ နှစ်စဉ် များပြားလာနေကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါဆရာဝန်သည် လွန်ခဲ့သည့် (၁၀) နှစ်ခန့်မှစ၍ ပြည်တွင်းထုတ်အရက်များနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်များအား သုတေသနပြုလုပ်နေသည့် ဆရာဝန်တဦးဖြစ်သည်။

စာရင်းဇယား အတိအကျကောက်ယူထားခြင်းမရှိသော်လည်း အရက်ကြောင့် သေဆုံးသူဦးရေ နှစ်စဉ်များပြားလာနေသည်ကို ဆရာဝန်တိုင်းက လက်ခံကြောင်း ယင်းဆရာဝန်က ပြောသည်။
“ဗမာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည်တွင်းအရက်က အဆင့်မီလား၊ ဘယ်လောက်အထိ အန္တရာယ်ရှိနေလဲဆိုတာ ပိုပြီး အရေးကြီးတယ်။ အရက်ထဲက အရက်ဖြူလို အပြင်းစားတွေက ဒီဗမာပြည်မှာ လိုင်စင်ရဆိုတဲ့သူတွေက ဖြစ်သလို ချက်လုပ်နေ ကြတာ။ ရောင်းအားကလည်း ကောင်းတော့ သတ်မှတ်ပြည့်မီတဲ့ရက်အထိ မစောင့်ဘဲ Chemical (ဓာတု) ပစ္စည်းတွေရဲ့ အကူအညီနဲ့ မြန်မြန်ရအောင် လုပ်ထားကြတာ။ ဒါကြောင့် နိုင်ငံခြားကလာတဲ့ စားသုံးကုန်တွေကိုပဲ အပြစ်မြင်နေမယ့်အစား အာဏာပိုင်တွေအနေနဲ့ ပထမဦးဆုံး အရင်လုပ်ရမယ့်ဟာက ကိုယ့် Local မှာ ထုတ်တဲ့ အရက်တို့၊ ဆေးလိပ်တို့လို မူးယစ်အစားအစာတွေ အရင်စစ်ဆေးဖို့ လိုတယ်” ဟု စာရေးဆရာတဦးလည်းဖြစ်သူ အဆိုပါဆရာဝန်အသင်း တာဝန်ရှိသူက ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် အရက်ချက်ခွင့် လိုင်စင်ပိုင်ဆိုင်သူများသည် အာဏာပိုင်များကိုယ်တိုင် (သို့မဟုတ်) ၎င်းတို့နှင့် နီးစပ်သူများသာ ဖြစ်ကြသဖြင့် ယင်းကိစ္စအား အထက်အာဏာပိုင်များထံ တင်ပြရန် အခက်အခဲများစွာရှိကြောင်း ၎င်းက ပြောသည်။
ချက်လုပ်သည့်အရက်များ စံညွှန်းပြည့်မီခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တရားဝင်အနေဖြင့် တခါမျှ ကွင်းဆင်းစစ်ဆေးခြင်း မရှိခဲ့ဖူးကြောင်းနှင့် စိတ်ပါဝင်စားသူအချို့ကသာ ထိုမူးယစ်အစားအစာများအား ဓာတ်ခွဲခန်းအချို့တွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြည်တွင်းမှ အသည်းအထူးကု ဆရာဝန်တဦးကလည်း “ဒီအရက်တွေရဲ့ ဆိုးကျိုးနဲ့ပတ်သက်လို့ ကျနော့်အတွေ့အကြုံအရ အသည်းခြောက်ရောဂါနဲ့ ရောက်လာတဲ့လူတွေ များတယ်။ အသည်းအသန်ဖြစ်တော့မှ နယ်ကနေ လာတာများတယ်။ Effect အရှိဆုံး ကျနော့်လူနာတွေက အရက်ဖြူကြောင့် မျက်နှာဖောပြီး အသည်းနဲ့အစာအိမ်ရောဂါသည်တွေပဲ။ သူတို့ကိုကူဖို့လည်း အရမ်းခက်တယ် သိလား။ ဆေးကို ပုံမှန်သောက်လည်း သက်သာလာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရောဂါသည်တွေက အစာအိမ်ရောဂါ၊ အသည်းနဲ့ပတ်သက်တဲ့ ရောဂါသည်တွေလို့ မှတ်တမ်းမှာ ရေးထားပေမယ့် အမှန်တကယ်က အရက်ကို ဖြတ်လို့မရလို့ ဆက်သောက်ရင်းနဲ့ သေသွားကြတာ။ တချို့ဆို (၃၀) ကျော် လူလတ်ပိုင်းတွေတောင် ဒီလိုအခြေအနေမျိုးနဲ့ အသက်ဆုံးရှုံးရတာ အများကြီးရှိလာပြီ” ဟု ဆိုသည်။
သတ်မှတ်ထားသည့်စံညွှန်း ပြည့်မီသည့်စက်ရုံများကိုသာ အရက်ချက်ခွင့်ပြုရန်နှင့် စားသောက်ဆိုင် ဖွင့်ခွင့်လိုင်စင်ကိုလည်း စံညွှန်းတရပ်ထားရှိပြီး ယင်းစံချိန်နှင့် ပြည့်မီသည့်ဆိုင်များကိုသာ လိုင်စင်များချပေးရန် လိုအပ်ကြောင်း ၎င်းဆရာဝန်က ပြောသည်။
အရက်ချက်ခွင့်လိုင်စင်၊ အရက်ရောင်းချခွင့်လိုင်စင်နှင့် စားသောက်ဆိုင်ဖွင့်ခွင့် လိုင်စင်များသည် ဒေသခံ အာဏာပိုင်တို့နှင့် နီးစပ်သူ စီးပွားရေးသမားကသာ အများစုရရှိထားကြပြီး သာမန်လူအနေဖြင့် စားသောက်ဆိုင်ဖွင့်ခွင့် လိုင်စင်ရရှိရန် နယ်မြေခံ အာဏာပိုင်တို့အား သိန်း (၂၀) ဝန်းကျင် ပေးဆောင်ရကြောင်း မော်လမြိုင်မြို့မှ စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
“ခင်ဗျား ဆိုင်ဖွင့်ချင်ရင် သိန်း (၂၀) လောက် ပိုက်ထားတော့။ အဲဒီက လိုင်စင်ရဖို့အတွက်ပဲ ရှိသေးတယ်။ ဒါပေမယ့် ကပ်ဖားယပ်ဖား လုပ်လို့ရတဲ့နည်းရှိတယ်။ ဆိုင်ကို ဘီယာဆိုင်ပဲ နာမည်ခံမယ်။ အရက်မရောင်းပါဘူးလို့တင်ပြ။ အဲဒါဆိုရင် (၁၀) သိန်းလောက်ပဲ ကုန်မယ်။ ဒါပေမယ့် လာစစ်သလို လုပ်လာရင်တော့ အထက်ကို မတင်ပြအောင် သောင်းဂဏန်းနဲ့ အိတ်ထဲ ထည့်ပေးပေါ့။ အရက်ချက် လိုင်စင်ကိုတော့ ရဖို့မလွယ်ဘူး။ အဲဒါကို အာဏာပိုင်တွေကိုယ်တိုင်က ကိုင်ထားကြတာ။ စားသောက်ဆိုင်လိုမျိုး မဖွင့်ဘဲ ရွာထဲမှာ သူတို့ (အာဏာပိုင်) ထုတ်တဲ့ အရက်ပုန်းတွေ ရောင်းချင်ရင်တော့ လွယ်လွယ် သူတို့အရက်ကိုပဲဝယ်၊ ရောင်းရင် ပေးစရာမလိုဘူး။ ဒါပေမယ့် အခြားမြို့နယ်က အရက်ဖြူတွေကို မဝယ်နဲ့ပေါ့” ဟု ရှင်းပြသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment