ဟိန်းဇော် | လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အစိုးဝန်ထမ်းများကို နိုင်ငံရေးပါတီနှင့် ကင်းရှင်းရန် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာများတွင် တရားဝင် စာ ထုတ်ပြန်ထားကြောင်း သိရသည်။
နေပြည်တော်ရှိ အစိုးရ ရုံးများတွင်“ဝန်ထမ်းဟူသမျှ နိုင်ငံရေးပါတီကင်းရှင်းရမည်”ဆိုသော ဆောင်ပုဒ်ကို ရုံးအဝင် အဝများတွင် ချိတ်ဆွဲ ထားပြီး ဆန့်ကျင်ဘက် မီဒီယာများကို နားမယောင်ကြရန် ညွှန်ကြားမှုများ ရှိကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ ဝန်ထမ်း တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း အစိုးရ ဝန်ထမ်းများ နိုင်ငံရေး ပါတီများသို့ မဝင်ရောက်ရန်တားမြစ်ခဲ့သည်။
“ကျမတို့ ဌာနလူကြီးက သူ့လက်အောက်က ဝန်ထမ်းတွေ နိုင်ငံရေး ပါတီတွေထဲ မဝင်ပါဘူးဆိုတာ အာမခံပြီး လက်မှတ် ထိုးထားရတယ်” ဟု အမှတ်(၁) စက်မှု ဝန်ကြီး ဌာနမှ ဝန်ထမ်း တဦးကဆိုသည်။

သို့သော် ဝန်ထမ်းများ ပါဝင်ပြီး စစ်အစိုးရ၏ ကျောထောက် နောက်ခံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) အနေဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ အဖြစ် အသွင်ပြောင်းလဲ မည် ဟု အတည် မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေသည်။
ထိုကဲ့သို့ နိုင်ငံရေး ပါတီ အဖြစ် အသွင်ပြောင်း လဲပါက ကြံ့ဖွံ့အသင်းသို့ ဝင်ရောက် ထားသော အစိုးရ ဝန်ထမ်း များကို နုတ်ထွက်ခွင့် ပြုပေးမည် ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီး ဌာနမှ ဝန်ထမ်း တဦးက ဆိုသည်။
“ကျနော်တို့ ဝန်ထမ်းတွေကို ကြံ့ခိုင်ရေးကနေထွက်ခိုင်းမယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မိသားစုတွေ ကတော့ ကြံ့ခိုင်ရေးထဲ မဖြစ်မနေ ဝင်ရမယ်။ မကြာခင် စာထုတ်မယ်ကြားတယ်”ဟု ၎င်းက ပြောသည်။
ဝန်ထမ်းများကို ကြံ့ဖွံ့အသင်းမှနုတ်ထွက်ခွင့်ပြုသော်လည်း အသင်းဝင်စာရင်းများကို ဖျောက်ဖျက်မည်မဟုတ်ဘဲ ယခု ရှိနေသော အသင်းဝင် အင်အား အတိုင်းသာ ရှိနေမည် ဖြစ်သည်ဟုလည်း ဆိုသည်။
၎င်းကြံ့ဖွံ့ အသင်းမှ ကြီးမှူး၍ လာမည့် အောက်တိုဘာလတွင်၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည့် အနေဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် စီစဉ်နေကြောင်းလည်း စစ်အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။
ကြံ့ဖွံ့ အသင်းသည် လူမှုရေး အသင်း ဖြစ်သည်ဟု ကြေညာထားသည်။ သို့သော်လည်း ၂၀၀၃ ခုနှစ်က စစ်ကိုင်း တိုင်း ဒီပဲယင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံရမှု၊ ၂၀၀၇ ခုနှစ် ရဟန်း သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဖြိုခွင်းမှု တို့တွင် ပါဝင်ပတ်သက်ခဲ့မှုများကြောင့် နာမည်ပျက် ရှိထားသည်။
စစ်အစိုးရက ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင်များ အားလုံးမှာ ကြံ့ဖွံ့ အသင်း၏ နာယက အဖွဲ့ဝင်များ၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည်။ တရားဝင် ထုတ်ပြန် ချက်များ အရ အသင်းဝင် ၂၄ သန်းရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် မတ်လ က ပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ် ပြီးစီးသည့် အခါ အရပ်သား အစိုးရထံ အာဏာ အပ်နှင်းမည်ဟု ပြောကြားထားသည်။
source by : ဧရာဝတီ

0 comments:
Post a Comment