ခိုင်လင်း | ယခုလ (၂၉) ရက်တွင် ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) ခန့် တရုတ် ပြည်ဘက်သို့ ခိုလှုံ သွားခဲ့ပြီးသည့် နောက် ရှမ်းပြည်နယ်၊ အရှေ့ မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ရပ်တန့်သွားခဲ့သည်။
ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်းကျားရှင်အပါအ၀င် ဖုန်အမျိုးအနွယ် ခေါင်းဆောင် (၄) ဦးအား လက်နက်ထုတ်လုပ်နေသော စက်ရုံအမှုဖြင့် ဖမ်းဆီးရန် ကြိုးစားရာမှ နအဖနှင့် ကိုးကန့်တပ်ဖွဲ့အကြား အခြေအနေတင်းမာနေကြစဉ် ယခုလ (၂၇) ရက် မနက်ပိုင်းက တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုက်နယ်စပ် ဂိတ် ရဲစခန်းအား ကိုးကန့်တပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည့် တိုက်ပွဲများ ယခုလ (၂၈) ရက်နေ့ ညပိုင်းအထိ ကိုးကန့်နယ်မြေ အနှံ့အပြားတွင် ဖြစ်ပွားနေခဲ့ရာ ယခုလ (၂၉) ရက်တွင် ပြီးဆုံးသွားသည်။

“(၂၉) ရက်နေ့ မနက်ပိုင်းကတော့ ကြိုးကြားကြိုးကြား ပစ်တာရှိသေးတယ်။ နေ့လယ်ပိုင်းမှာတော့ ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) လောက် တရုတ်ဘက်ကို လက်နက်တွေ အပ်ပြီး ဒုက္ခသည် အနေနဲ့ ခိုလှုံလိုက် ကြတယ်။ ဥက္ကဋ္ဌ ဖုန်ကျားရှင်လည်း လုံခြုံတဲ့ နေရာ ကို တိမ်းရှောင် သွားတယ်” ဟု ကိုးကန့်တိုက်ပွဲများအား စောင့်ကြည့် နေသည် တရုတ်-မြန်မာ နယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
ကိုးကန့်နယ်မြေအတွင်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများသာမကဘဲ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု လက်အောက်ခံတပ်ရင်းများ၊ တပ်မ (၃၃) လက်အောက်ခံတပ်ရင်းများ စုစုပေါင်း တပ်ရင်း (၃၀) ခန့် လူအင်အား (၆,၀၀၀) ကျော်ဖြင့် စစ်ဆင်ရေးဝင်ရောက်ခဲ့ပြီး အင်အားမမျှသဖြင့် ကိုးကန့်တပ်ဖွဲ့က ဒေသခံလူထု၏ အသက် အိုးအိမ်ကို ငဲ့ညှာသည့် အနေဖြင့် တိုက်ခိုက် မှုကို ရပ်နား လိုက်ရခြင်း ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။
ယခုလ (၂၇) နှင့် (၂၈) ရက် တိုက်ပွဲများဖြစ်နေစဉ်အတွင်း ၀င်ရောက်ကူညီတိုက်ခိုက်ခဲ့သည့် ၀ပြည်သွေးစည် ညီညွတ်ရေး တပ်မတော်မှ တပ်သားများလည်း ယခုလ (၂၉) ရက်၊ မနက်ပိုင်းတွင် ကိုးကန့်နယ်မြေမှ ပြန်လည်ဆုတ်ခွာသွားသည်ဟု ၀တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်း ရပ်ကွက် အရ သိရသည်။
ယနေ့ထုတ် နအဖသတင်းစာများတွင် ကိုးကန့်ဒေသတွင်ဖြစ်ပွားခဲ့သော ဥပဒေဖောက်ဖျက် ကျူးလွန်မှုများမှာ ဦးဖုန်ကျားရှင် အပါအ၀င် ပုဂ္ဂိုလ် (၄) ဦးနှင့်သာ သက်ဆိုင်ပြီး မသိနားမလည်ဘဲ လိုက်ပါဆောင်ရွက်ခဲ့ကြသူ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များအား ဥပဒေ ဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုကြောင်း နအဖအစိုးရ၏ ကြေညာချက်အမှတ် ၁/၂၀၀၉ ကို ဖော်ပြထားသည်။
ယခုတိုက်ပွဲအတွင်း မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့အင်အား (၂၆) ဦး ကျဆုံးကာ (၄၇) ဦး ဒဏ်ရာရရှိပြီး ကိုးကန့်တပ်ဖွဲ့မှ အလောင်း (၈) လောင်း တွေ့ရှိကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် (၆၀၀) ကျော် သိမ်းဆည်းရမိကြောင်း ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
တရုတ်ပြည်ဘက်သို့ စစ်ပြေးဒုက္ခသည် (၃၇,၀၀၀) ထွက်ပြေးလာခဲ့ပြီး တရုတ်ပြည် အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ကာ တရုတ်နိုင်ငံသား (၁) ဦး သေဆုံး၍ (၂) ဦး ဒဏ်ရာရရှိပြီး မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရဲအရာရှိချုပ် Meng Sutie က ယမန်နေ့က ပြောကြားကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment