NEJ | ပြည်တွင်း ကြက်သွန်နီဈေး အဆမတန် တက်နေသောကြောင့် နယ်စပ်ကုန် သွယ်ရေး စခန်းများမှ တဆင့် ကြက်သွန်နီတင်ပို့မှုကို မြန်မာ ဘက်မှ ပိတ်လိုက်သည့် အတွက် ထိုင်းတွင် ဈေးကွက် ပြတ်လပ်မှု ဖြစ်ပြီး ကြက်သွန်နီ ဈေးများ ထိုးတက်သွားသည်။
ဈေးကွက် ထိန်းချုပ်ရေးနှင့် ပစ္စည်းပြတ်လပ်မှုတားဆီးရေးအတွက် မြန်မာ နယ်စပ် ကုန်သွယ်ရေး ဌာနမှ ယခုလ ဒုတိယအပတ်မှ စတင်ကာ ကြက်သွန်နီ တင်ပို့မှုကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
မြ၀တီ နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် ကြက်သွန်နီ ၀င်ရောက်မှု မရှိတော့သည့် အပေါ် ထိုင်းကုန်သည် တဦးက “မဲဆောက် က မပို့ရင် ဘန်ကောက်မှာ ပစ္စည်းပြတ်ပြီး ဈေးထိုးတက်တာပဲ။ အခုရောင်းနေတာတွေက လက်ကျန်တွေ။ ဒါကုန်ရင် ရောင်းဖို့မရှိတော့ဘူး။ မြန်မာ ကြက်သွန်က ထိုင်းမှာ ဈေးကွက် ရထားတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာ ကုန်သည် တဦးကလည်း “အခု မဲဆောက်မှာ ရောင်းနေ တာတွေက စံမမီတဲ့ ကြက်သွန် အဟောင်း ဥအသေးတွေ၊ တပိဿာကို ဘတ် (၄၀) ရှိတယ်၊ အရင် ဘတ် (၂၀) ပဲရှိတာ။ ကြက်သွန်ဥ အကြီး မပြောနဲ့ အလတ်စားတောင် မလာတော့ဘူး။ တနိုင် တဆွဲ သမားတွေ ခိုးသယ် ကြတာတွေပဲ ရှိတော့တယ်” ဟု ပြောသည်။
ယခင် တပိဿာ ကျပ် (၇၀၀) သာ ဈေးရှိသည့် ကြက်သွန်ဥ သေးများမှာ ယခု တပိဿာ လက်လီဈေး (၁,၃၀၀) ကျပ် ဖြစ်နေပြီး ယခင်ကဲ့သို့ အရောင်းအ၀ယ် မရှိကြောင်း မြ၀တီ ဘုရင့်နောင်ဈေးမှ လက်ကား ဖြန့်ချိသူ တဦးက ပြောသည်။
မြ၀တီ နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် ထိုင်းဘက်သို့ ကြက်သွန်နီတင်ပို့မှုမှာ ယခင်က တရက်ခြား ပုံမှန်တန်ချိန် (၂၀) ခန့် ရှိသည်ဟု ထိုင်းကုန်သည်များက ပြောသည်။
ပြည်တွင်း ဈေးကွက်တွင် ကြက်သွန်နီ ဈေးမြင့်၍ ပစ္စည်း ပြတ်လပ်မှု ဖြစ်ရခြင်းမှာ ကုန်သည်များက ကြက်သွန်နီ ပမာဏများစွာကို ၀ယ်ယူ သိုလှောင်ခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနယ်စပ် ကုန်သွယ်ရေး ဌာနက ပြောသည်။
ယခု ရက်ပိုင်း အတွင်း ရန်ကုန်မြို့တွင် ကြက်သွန်နီ ဈေးမှာ ကြက်သွန်နီ အမြင့်ဈေး တပိဿာ (၁,၃၀၀) နှင့် အနိမ့်ဈေး တပိဿာ (၁,၀၀၀) ကျပ်ဖြစ်သည်။
မြ၀တီ နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် ထိုင်းဘက်သို့ ကြက်သွန်နီ တင်သွင်းမှုကို ပိတ်ပင် လိုက်သော်လည်း အခြား လယ်ယာ ထွက်ကုန် များနှင့် ရေထွက် ပစ္စည်းများကိုမူ ပုံမှန်တင်ပို့ခွင့်ပြုလျက်ရှိသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment